Friday, April 18, 2008

မြို့ပြနေ့များ

ပင့်ကူအိမ်လို ရှုပ်ထွေးနေတဲ့လမ်းတွေ
ဆူညံသံတွေနဲ့ ညစ်ညမ်းလှတဲ့ လောင်စာဆီသုံး ယာဉ်တွေကြား
ငါ့ဘဝဟာ မိုးတိုးမတ်တပ်
ဒေါင်လိုက်ကြီးပျော်ဝင်နေခဲ့ရပေါ့………….

အထပ်ထပ်ဘဝနဲ့
ကိုယ်ဒူးတောင် ကိုယ်မယုံရဲ
အဆင်းနဲ့အတက်ဆိုတာ
ဝဋ်ဆင်းရဲတစ်ခုပါပဲ……….

ဘယ်သွားသွား
ပိုက်ဆံပေးပြီး အဆဲခံရတယ်
နဖူးကချွေးခြေမကျမှ လိုရာခရီးရောက်တယ်
ဘဝကအညိုရောင်သန်းနေပါပြီ……..

ရှော့ပင်းစင်တာတွေရှိတယ်
ရပ်ကြည့်မယ့်သူပေါတယ်
လမ်းလျှောက်တဲ့သူများတယ်
အိပ်မက်တွေကို လျှော့ဈေးနဲ့ရောင်းတယ်
ငါလည်းကိုယ့်ဘဝကို ဈေးကွက်တင်ကြည့်ဖို့
ဆိုင်ခန်းတစ်ခုလောက်လိုချင်တယ်
ကွန်ဒိုတစ်ခုခုမှာပေါ့…………

No comments: