Friday, July 25, 2008

မိမိကိုယ်ကို ဆန်းစစ်ကြည့်ခြင်း


"ဟေ့.. မင်းဘာတွေလုပ်နေလဲ”
ထိုသို့ မေးလာခဲ့သည်ရှိသော်
“ကျွန်တော်ဘာမှမလုပ်ပါ”
ထိုအခါ အတွန့်တက်ပြီး
“မင်းဘာမှမလုပ်ရင် ဘာမှဖြစ်မှာ မဟုတ်ဘူးကွ” ဟု ဆိုလာခဲ့သော်
“ဟုတ်ကဲ့.. ကျွန်တော်ဘာမှ မလုပ်လို့ ဘာမှမဖြစ်ပါ.. ခင်ဗျား လုပ်နေတာ တွေကကော ဘာတွေဖြစ်နေလို့လဲ” ဟု ပြန်အငေါ့တူးပြီး ဖြေမိမည် ထင်ပါသည်။

ထိုအတွေးစလေးကိုလိုက်ပြီး မိမိကိုယ်ကို ဆန်းစစ်ကြည့်မိပါသည်။ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဆိုသည့် လက္ခဏာ (၃) ပါးဖြင့် ဆင်ခြင်မိလေတော့သည်။ မိုးမှောင်တစ်ယောက်တော့ ပေါက်သွားပြီဟု မထင်ကြပါနှင့် စာရှုသူ။ “ဘာမှမလုပ်သည့် အလုပ်” ကို လုပ်နေခြင်းသည် အနတ္တ၏ သဘောပင် ဖြစ်ပါသည်။ အနိစ္စသည် မမြဲခြင်းတရား၊ ဒုက္ခသည် ဆင်းရဲခြင်း၊ အနတ္တသည် ဘာမျှမရှိ ဘာမျှမဖြစ်သည့် သဘောပင်ဖြစ်ပါသည်။


ကြုံတုန်းလေး ပြောရအုံးမည်။ ဗိုလ်ချုပ်အောင်ဆန်းသည် အနတ္တ တရားကို အတော် သဘောကျသည်ဟု ဆိုရမည်။ ကျွန်တော် အထောက်အထားမရှိ ပြောခြင်းမဟုတ်ပါ။ တက္ကသိုလ် နေဝင်း ရေးသားသည့် အမှတ်တရ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဆရာ မြဟန် ရေးသားသည့် ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာများ ဆိုသည့်စာအုပ်များ အရဆိုခြင်း ဖြစ်ပါသည်။ ထိုစာအုပ်များတွင် ဗိုလ်ချုပ်သည် အနတ္တ လက္ခဏသုတ်ကို အတော်ညွှန်းဆို ထားသည်ကို တွေ့ရပေသည်။ ဤကား အနတ္တ တရားကို အညွှန်းတင်နေခြင်းပင် ဖြစ်ပါသည်။

ဆက်ရလျှင် ဖြတ်သန်းခဲ့ရသည့် ဘဝကို တွေးမိပါသည်။ မှတ်သားမိသလောက် (၄) တန်း ကျောင်းသားဘဝမှ စကြပါဆို့။ ယခုအချိန်တွင် (၄) တန်းကျောင်းသား ဘဝဆိုသည်မှာ အကောင်အထည် ပြစရာ မရှိတော့ပြီ။ ဤကား အနိစ္စ၏ သဘောတည်း။ (၄) တန်း ကျောင်းသား ဘဝတုန်းက ကြီးလာလျှင် ဘာဖြစ်ချင်သည်၊ ညာဖြစ်ချင်သည်၊ ဆယ်တန်းကို ဘယ်လိုအောင်ရမည်၊ ဆယ်တန်းအောင်လျှင် ဘယ်တက္ကသိုလ်တက်မည်၊ ဘာလုပ်မည်၊ အစရှိသည့်တို့ကား ဒုက္ခ (ဆင်းရဲခြင်း) တရား၏ သဘောပင်ဖြစ်ပေသည်။ (၄) တန်း ကျောင်းသားဘဝ၊ တက္ကသိုလ် ကျောင်းသားဘဝ၊ ဘယ်တုန်းက၊ စသည်တို့သည် ယခုအချိန်တွင် မည်သည့်အရာကို ပြရမည်နည်း။ ထိုအရာတို့သည် ယခုအချိန်တွင် ဘာမျှ မဟုတ်ကြပေ တကား။ ဤသည်မှာပင် အနတ္တ၏ သဘောဖြစ်ပေသည်။

ထိုမှဆက်၍ စဉ်းစားကြည့်ပါစို့။ ဗုဒ္ဓဘုရားရှင် အဓိက ဟောကြားခဲ့သော “စိတ်” ကို သုံးသပ်ကြည့်မိ ပါသည်။ စိတ်သည် ဆန်းကျယ်လှပေသည်။ ဘုရားရှင်သည် အဘိဓမ္မာ တရားတော်တွင် “စိတ်” ကို ဓါတ်ခွဲပြထား ပေသည်။ စိတ်သည် အလွန်လျှင်မြန်စွာ ဖြစ်ပျက်ပြောင်းလဲ နေသည့်သဘောရှိပါသည်။ ဗုဒ္ဓ၏ တရားတော်များသည် အကျင့် (စရဏ) ကို ဦးစားပေးပါသည်။ ဗုဒ္ဓဘာသာဝင်များ၏ နောက်ဆုံးရည်မှန်းရာ နိဗ္ဗာန်သို့ ရောက်ရှိရန် တရားတော်များကို ရွတ်ဖတ်ပူဇော်ခြင်း၊ ဒါန၊ သီလ ကောင်းမှုကုသိုလ်များပြုလုပ်ခြင်း သက်သက်ဖြင့် မရရှိနိုင်ပေ။ ထိုအလုပ်များသည် နိဗ္ဗာန်သို့ ရောက်ရှိရန် အထောက်အပံ့ တရားများသာ ဖြစ်ပေသည်။ နိဗ္ဗာန်သို့ ရောက်ရှိရန် အဓိကအလုပ်မှာ မိမိ၏ စိတ်ကိုထိန်းချုပ်ခြင်း (ဆိုလိုသည်မှာ ကမ္မဌာန်း ဘာဝနာ စီးဖြန်းခြင်း) သာဖြစ်ပါသည်။

ထိုသို့စဉ်းစားမိသည့်အတွက် မိမိ၏ စိတ်ကို ထိန်းချုပ်ကြည့်ရန် တရားထိုင်ကြည့်မိလေမှ……
“အို.. မိုးမှောင် သင်ကား ပါရမီနည်းလှလေ၏။ သင်၏ စိတ်ကားတောင်ပြေး မြောက်ပြေးနှင့် ထိန်းချုပ်ရန် ခက်လှချေသည် တကား” ဟု ဆင်ခြင်မိတော့သည်။ ထိုအငြိမ်မနေသည့် စိတ်သည် တောင်တွေး မြောက်တွေးလည်း တွေးတတ်ပေသည်။ ထိုစိတ်ကို အစိုးမရသည့် အတွက်ပင် ကျွန်ုပ် မိုးမှောင်သည် ဤဘလော့တွင် ထိုပေါက်ကရ အတွေးများကို ဖွင့်ချမိပေသည်။ ဤသည်ကိုပင် လာရောက် ဖတ်ရှုကြသော မိတ်ဆွေများမှ အားပေးသူများလည်းရှိသည်။ စိုးရိမ်ပေးကြသူများ လည်းရှိသည်။ ဤအတွက်ပင် ကျွန်ုပ်ကို ကျွန်ုပ်စဉ်းစားသုံးသပ်မိပေသည်။ ငါဘာလုပ်နေသနည်း ?

ဤပို့စ် အစတွင် ဆိုခဲ့သလို ကျွန်တော် ဘာမျှမလုပ်ပါဆိုသည့် အဖြေပင်ရပါသည်။ ကျွန်တော် တကယ် ဘာမျှမလုပ်ပါ။ အစိုးမရသော စိတ်ကြောင့်ပင် တောင်တွေး မြောက်တွေး၊ တောရေး တောင်ရေး လုပ်နေခြင်းဖြစ်ပါသည်။ တကယ်တော့ တရားသဘောအရ ငါလည်းမရှိ၊ ကျွန်တော်လည်း မရှိ၊ ပညတ်သဘောများသာ ဖြစ်ပေသည်။ ထို့ကြောင့်ပင် ကျွန်တော်ဘာမျှ မလုပ်ပါ။

ထိုနည်းတူစွာပင် ကျွန်တော် စိတ်ကောင်းဝင်နေစဉ် ဆုံတွေ့မိသူများသည် ကျွန်တော်အား အလွန်ဖော်ရွေသော၊ အလွန်နူးညံ့သော၊ ခင်မင်စရာကောင်းသူ တစ်ဦးအဖြစ် ထင်မှတ်သွားကြသည်။ စိတ်ရိုင်းဝင်နေစဉ် ဆုံတွေ့မိသူများကလည်း အလကားကောင်၊ လူ့ဂွစာ၊ ထော်လော်ကန့်လန့် ဟု ထင်သွားကြပေသည်။ အလကားကောင်ဆိုသည့် စကားဆိုလာသော်
“ကျုပ်က အလကားကောင် ဆိုတော့ ခင်ဗျားကကော ပိုက်ဆံပေးရတဲ့ကောင်လား”
ဟု ဂွကျကျ ပြန်မေးမိပေ လိမ့်မည်။

ထို့ကြောင့်ပင် ဆရာမင်းသိင်္ခ၏ အရေးအသားနှင့်ဆိုရသော်…………….
“မိုးမှောင်ဆိုသူသည် အလွန်တရာမှ ကြောက်တတ်သူဖြစ်သည်။ အလွန်တရာမှလည်း ရဲရင့်သူဖြစ်သည်။ စိတ်သဘောကောင်း ဖော်ရွေလှသလို အင်မတန် စိတ်ထားရုတ်မာသူလည်း ဖြစ်သည်။ ချောမောခန့်ညား လှသလို ရုပ်ဆိုး အကျည်းတန်သူလည်း ဖြစ်သည်”
ဟုရေးရပေတော့မည်။

သြော်……. အနိစ္စ………. ဒုက္ခ……….. အနတ္တ…………

1 comment:

Anonymous said...

Well its nice.


payday loan