Sunday, September 7, 2008

နာဂစ်အလွန် ခရီးစဉ်တစ်ခု

အကြောင်းတိုက်ဆိုင်၍ ဒေးဒရဲနှင့် မော်လမြိုင်ကျွန်း ဒေသများသို့ ခရီးထွက်ခွာခဲ့ရပါသည်။ ဒေးဒရဲသို့ သွားရောက်ခဲ့ရာတွင် လေးစားစရာ မြင်ကွင်းလေးများ တွေ့ခဲ့ရပါသည်။ ဒေးဒရဲမှ မိနစ်၂၀ ခန့်ကားစီးသွားရပြီး မော်တော်ဖြင့် ၁၅ မိနစ်ခန့်သွားရသော မိကျောင်းအိုင် ရွာကလေးတွင်ဖြစ်ပါသည်။ ယာယီတဲကျောင်းလေးတွင် ပညာသင်ကြားနေကြသော ကျောင်းသားလေးများမှာ တက်ကြွနေကြပါသည်။ မုန်တိုင်းနှင့် ကြုံခဲ့ရသော်လည်း မြန်မာလူမျိုး တောသူတောင်သားတို့၏ ပူပင်ကင်းမှု၊ ရောင့်ရဲတင်းတိမ်တတ်မှုတို့မှာ အတုယူစရာပင်။ ပို၍လေးစားမိသည်မှာ ထိုသို့ခက်ခက်ခဲခဲသွားရသော ရွာကျောင်းလေးများတွင် ကလေးငယ်များအား ပညာသင်ကြားပေးနေကြသော ဆရာ/ဆရာမများကို ဖြစ်ပါသည်။

ယနေ့ခေတ်တွင် ကျွန်တော်တို့လူငယ်အများစုသည် ပညာသင်ကြားရန်၊ ပိုမိုကောင်းမွန်သော အလုပ်အကိုင်ရရှိရန် စသည့်ရည်ရွယ်ချက်များဖြင့် နိုင်ငံရပ်ခြားသို့ ထွက်ခွာနေကြချိန်ဖြစ်ပါသည်။ ထိုအချိန်မျိုးတွင် ယခုကဲ့သို့ နာ (၃) နာနှင့်ပြည့်စုံသော ဆရာ/ဆရာမများ ရှိနေသေးသည်ကို တွေ့ရသည့်အခါ မိတ်ဆွေသင်စဉ်းစားကြည့်ပါ။ ကိုယ့်ကိုကိုယ် သုံးသပ်ကြည့်မိသောအခါ သူတို့လောက် ဘာမှပေးဆပ်နိုင်သည်ကို သတိပြုမိပါသည်။ ကျွန်တော်တို့အများစုက ကိုယ်လွတ်ရုံး၍ နိုင်ငံရပ်ခြားသို့ သွားရောက်ရန် ကြိုးစားနေကြချိန်တွင် ငွေကြေးအရသော်လည်းကောင်း၊ အခြားကျွန်တော်တို့ ရှာဖွေနေသော အရာများ အရသော်လည်းကောင်း ဘာမျှမရနိုင်သည်ကို သိလျက်နှင့် ဘဝတစ်ခုလုံးမြှုပ်နှံထားသည်ကို တွေ့ရသောအခါ ဝမ်းနည်းဝမ်းသာဖြစ်မိပါသည်။ ကျွန်တော်သည် သူတို့လိုပေးဆပ်နိုင်ခြင်းမရှိသည်ကို ဝမ်းနည်းမိပါသည်။ သို့သော် သူတို့ယခုလိုပေးဆပ်နေသည်ကို မြင်ရသည့်အခါ ကျေးလက်နေ ကလေးများအတွက် ဝမ်းသာမိပါသည်။


သူတို့၏စိတ်ဓါတ်သည် မြို့ကြီးပြကြီးများရှိ နာမည်ကြီးကျောင်းများတွင် စာသင်ခွင့်ရရှိရန် ကြိုးစားနေကြသော ဆရာ/ဆရာမများထက် အများကြီးမြင့်မြတ်သည်ဟု ဆိုချင်ပါသည်။ အခြားဆရာ/ဆရာမများကို စော်ကားလိုခြင်း မဟုတ်ပါ။ နှိုင်းယှဉ်ကြည့်မှသာ အရာရာသည် ပေါ်လွင်ထင်ရှားနိုင်သည့်အတွက် နှိုင်းယှဉ်ကြည့်ခြင်း ဖြစ်ပါသည်။

အဆင်မပြေမှုများစပါပြီ

ဒေးဒရဲတွင် ညအိပ်ရပ်နားပြီး နောက်တစ်နေ့မှာ ရန်ကုန်ပြန်မည်ဆိုသော အစီအစဉ်မှာ တည်းခိုရန်နေရာ အခက်အခဲကြောင့် ရန်ကုန်သို့ နေ့ချင်းပြန်ခဲ့ရပါသည်။ ဒေးဒရဲခရီးစဉ်မှ အဆင်မပြေမှုမှာ မော်လမြိုင်ကျွန်း ခရီးစဉ်သို့ပင် ဆက်သွားခဲ့ပါသည်။ မော်လမြိုင်ကျွန်း အနီးအနားရွာများသို့ ရောက်ရှိခဲ့ပါသည်။ မြစ်ဝကျွန်းပေါ်ဒေသ၏ ပထဝီအနေအထားအရပင် မြစ်များချောင်းများ အလွန်ပေါများသည့်အတွက် ရွာများမှာ ကျွန်းများပေါ်တွင် တည်ရှိနေပါသည်။ ကျွန်းတစ်ကျွန်းတွင် ရွာလေးငါးရွာခန့် တည်ရှိနေပါသည်။ ထိုရွာများသို့ သွားရောက်လည်ပတ်ပြီး ကြည်လင်နေသော စိတ်အစဉ်သည် တည်းခိုခန်းသို့ ရောက်သောအခါ အနှောင့်အယှက် ဖြစ်သွားခဲ့ရပါသည်။

ရန်ကုန်မှ မထွက်ခွာမှီကပင် တည်းခိုခန်းများကို Booking ကြိုတင်လုပ်ထားခဲ့ပါသည်။ သို့သော် ရောက်ရှိချိန်တွင် အခန်းမရရှိသေးပေ။ ကျွန်တော်တို့မှာလည်း ရွာများသို့ သွားရောက်မည် ဖြစ်သည့်အတွက် ညနေပြန်လာချိန်တွင်တော့ အဆင်ပြေမည်ဟု ယူဆပြီးထွက်သွားခဲ့ကြသည်။ ညနေပြန်လာသောအခါ လိုအပ်သော အခန်းအရေအတွက်တွင် တစ်ခန်းမှာ မအားမလပ်ဖြစ်နေသည်။ ပြေလည်အောင် ဆောင်ရွက်ပေးနိုင်ခြင်းလည်း မရှိပေ။ မန်နေဂျာမှာ သူ၏တပည့်မှ အခန်းမှားပေးလိုက်၍ ယခုလိုဖြစ်ရကြောင်း တပည့်ကိုလွှဲချ၍ သူ့တွင်တာဝန်မရှိသလို လုပ်နေသည်။ ပြေပြေလည်လည် ပြောဆိုခြင်းလည်းမရှိ။ နောက်ဆုံးအချိန်မှာလည်း ည(၈း၃၀) ကျော်လာပြီ ကျွန်တော်တို့မှာလည်း အိပ်ချင်လာသည့်အတွက် ဖြစ်သည့်နည်းနှင့် ဖြေရှင်းပေးပါ။ မရလျှင် ပြဿနာရှာမည်ဆိုမှ အခြားသူတစ်ဦး Booking လုပ်ထားသည့် အခန်းကိုပေးပါသည်။ သို့သော် ကောင်းကောင်းမွန်မွန်ပေးခြင်း မဟုတ်။ မနက်စောစော အခန်းပြန်အပ်ရန် ပြောလိုက်သေးသည်။ ကောင်းလိုက်ပုံများ။ သူ့ကမှားယွင်းသော်လည်း ကိုယ်ကပင်သူ့ကိုပြန်၍ ကျေးဇူးတင်ရမည့်ပုံပင်။ စီးပွားရေး မလုပ်တတ်ပုံ ဖြစ်ပါသည်။ ထိုတည်းခိုခန်းသည် မော်လမြိုင်ကျွန်းတွင် လူသိများသော တည်းခိုခန်းဖြစ်ပါသည်။ ယခုအချိန်တွင် နိုင်ငံခြားသားများလည်း တည်းခိုနေကြသော တည်းခိုခန်းဖြစ်ပါသည်။ အားနာသဖြင့် တည်းခိုခန်းအမည်ကို မဖော်ပြတော့ပါ။

No comments: