Sunday, October 12, 2008

သာလိကာနှင့် တွေ့ဆုံခြင်း



ခြေထောက်တွင် ဗွေပါသော မိုးမှောင်တစ်ယောက် ရန်ကုန်နှင့် နေပြည်တော်ကို ကူးချည်သန်းချည် ဖြစ်နေပါသည်။ ခြေကလည်း ရှည်သမို့ ရန်ကုန်ရောက်ခိုက် နယ်ကျွံပြီး မြောက်ဒဂုံသို့ ရောက်ရှိသွားခဲ့ပါသည်။ အပြန်လမ်းတွင်တော့ သာလိကာလေးနှင့် တွေ့ခဲ့ပါသည်။ သာလိကာလေး ဆိုသည်က သုံးနှစ်ခွဲ လေးနှစ်ခန့်ရှိသည့် ကလေးတစ်ယောက် ဖြစ်ပါသည်။ ကျွန်တော်က ရှစ်မိုင်သို့ပြန်မည် ဖြစ်သည့်အတွက် (၂၀၂) လိုင်းကား စီးခဲ့ပါသည်။ ထိုကားပေါ်တွင် ထိုကလေးနှင့် တွေ့ခဲ့ခြင်း ဖြစ်ပါသည်။

ကျွန်တော်ကလည်း ကလေး ချစ်တတ်သည့်အတွက် ထိုကလေးအား ထိုင်ခုံတွင် အတူတူထိုင်ခိုင်း လိုက်ပါသည်။ ထိုကလေးမှာလည်း စကားက တတ်လှပါဘိ။ ကျွန်ုပ်မိုးမှောင်အား ကဏ္ဍစုံမှ အင်တာဗျူး သွားခဲ့ပါသည်။ ထိုကလေး ကျွန်ုပ်မိုးမှောင်အား အင်တာဗျူးသွားသည်မှာ -


“ဒီကားက ဘယ်ကိုသွားနေတာလဲ”
“ရှစ်မိုင်ကိုလေ”
“ဟိုဘက်လမ်းက ကားတွေကကော ဘယ်ကိုသွားနေတာလဲ”
“မြောက်ဒဂုံကိုပေါ့ သားရဲ့”
“သူတို့က ဘာလို့ ဟိုဘက်က မောင်းနေတာလဲ”
“အော်.. ဒီဘက်လမ်းမှာ အတူတူမောင်းနေရင် တိုက်ကုန်မှာပေါ့. အဲ့ဒါကြောင့် သူတို့က ဟိုဘက်ကနေ မောင်းတာပေါ့”

လက်ညိုးတထိုးထိုးဖြင့် မေးနေသဖြင့် ကျွန်ုပ်မှ -

“သားလက်ကြီး အပြင်မထုတ်နဲ့ကွ”
“အပြင်ထုတ်ရင် ဘာဖြစ်လို့လဲ”
“သားလက်ကို တစ်ခြားကားက တိုက်သွားမှာပေါ့”
“တိုက်သွားရင်ဘာဖြစ်မှာလဲ”
“သားလက်ကြီး ကျိုးသွားမှာပေါ့”
“သားလက်ကြီး ကျိုးသွားရင်ရော”
“လက်ကျိုးသွားရင် သားဆေးကုရမှာပေါ့ .. ပတ်တီးလည်း စည်းရမှာပေါ့”

ထိုကလေးက သူ့ဘာသာ စဉ်းစားပြီး -
“အဲ့ဒါဆို ထမင်းစားလို့ မရတော့ဘူးပေါ့နော်.. ဒါဆို ပိန်သွားမှာပေါ့နော်.. ပြီးရင်သေသွားမှာပေါ့နော်”

သူဉာဏ်နှင့် စဉ်းစားမိသလို ပြောလိုက်ပါသည်။ မှတ်တိုင်တစ်ခုတွင် ကားရပ်စဉ် ကားခေါင်မိုးကို မော့ကြည့်ပြီး -

“အသံက ဘယ်က လာတာလဲဟင်”

သီတင်းကျွတ်မီးထွန်းပွဲအတွက် ပြင်ဆင်နေသည့် လမ်းမှ ဖွင့်ထားခြင်းဖြစ်ပါသည်။ မှတ်မှတ်ရရ မျိုးကြီး သီချင်း ဖြစ်ပါသည်။ ကျွန်တော်လည်း လမ်းမပေါ်ချထားသည့် Sound Box များကို ညွှန်ပြပြီး

“အဲ့ဒီကနေလာတာပေါ့ကွ”

“နားကိုအူနေတာပဲ.. နားကန်းတော့မှာပဲနော်”

သီချင်း ဖွင့်ထားသူများကလည်း ဟုတ်သည်။ Sound Box (၈) လုံးခန့်စီထားပြီး ဖွင့်နေခြင်းဖြစ်သည်။ သို့နှင့် ကမ္ဘာအေး ဘုရားလမ်းပေါ် ရောက်လာသည့် အခါ -

“အဖြူရောင်တွေက ဘာလို့ရေးထားတာလဲ”

“ကားတွေသွားဖို့ပေါ့.. ဟိုဘက်လမ်းက ကားသုံးစီး ဒီဘက်လမ်းက ကားသုံးစီး တပြိုင်တည်း သွားလို့ရတာပေါ့”

သို့နှင့် ရှစ်မိုင်လမ်းဆုံသို့ ရောက်လာခဲ့ပါသည်။

“ဟိုအမြင့်ကြီးက ဘာကြီးလဲ”
“ဟိုတယ်လေကွာ”
“ဟိုဘက်ကသွားနေတာကကော”

“ဓါတ်လှေကားလေကွာ”
“သူတို့က ဘာလို့သွားနေတာလဲ”
“တခြားအထပ်တွေသွားလို့ရအောင်ပေါ့.. အပေါ်တက်လိုက် အောက်ဆင်းလိုက် လုပ်လို့ရတယ်လေ”

ရှစ်မိုင် မှတ်တိုင်သို့ရောက်၍ ကျွန်တော်လည်း ဆင်းရမည်ဖြစ်သည့်အတွက်

“သားရေ လစ်ပြီ ”

သာလိကလေးက နည်းနည်းမှ မလျှော့

“တာ့တာ.. ဘိုင့်ဘိုင်”

လမ်းတွင်တော့ ကျွန်တော်စဉ်းစား ကြည့်မိပါသည်။ ကလေးတစ်ယောက်တွင် မိမိထင်ရာကို နှစ်သက်သလို ပြောနိုင်စွမ်း မေးနိုင်စွမ်းများ ရှိပါသည်။ သူတို့၏ မေးမြန်းမှုသည် မှားယွင်းသွားပါက ရှက်စရာကောင်းသည်ဟု သူတို့တွင် ရှက်စိတ်လည်း မရှိသေးပါ။ စူးစမ်းချင်သည့် စိတ်ကအပြည့် ဖြစ်နေပါသည်။ ကျွန်တော်တို့ အရွယ်ရောက်လာသည့် လူကြီးများတွင်တော့ မေးရမြန်းရမှာ ရှက်တတ်သည့် စိတ်များ ကိန်းအောင်းလာပါပြီ။ တစ်ခုခု မှားယွင်းပြီး မိမိအပေါ် အထင်သေးသွားမှာကို ကြောက်သည့်စိတ်များလည်း ရှိလာပါပြီ။ ထို့အတူ ပွင့်ပွင့်လင်းလင်း ပြောဆိုနိုင်စွမ်းလည်း ပျောက်ဆုံးလာပြီဟု ဆိုရပါမည်။ တနည်းအားဖြင့် ဟန်ဆောင်တတ်လာသည်ဟု ဆိုရပါမည်။ ထို့ကြောင့် ကလေးဘ၀သည် ဖြူစင်လှပါသည်။ သာလိကာလေးရေ မင်းကိုတော့ ဆလန်ပါပဲကွာ………

1 comment:

Anonymous said...

ကိုမိုးမှောင်ကြီး သာလိကာလေးနဲ့ တွေ့မှ ခံရလိုက်တာပေါ့ အဟေးဟေး :D