မြန်မာစကားတွင် မိမိကိုယ်ကို သုံးစွဲသည့် နာမ်စား အသုံးအနှုန်းများ ရှိပါသည်။ ဥပမာ - ကျွန်တော်၊ ကျွန်မ၊ သမီး၊ သား၊ ငါ စသည်တို့ ဖြစ်ပါသည်။ ကျွန်တော်၊ ကျွန်မဟူသည့် အသုံးအနှုန်းသည် ယဉ်ကျေးသည့် သဘော သက်ရောက်ပါသည်။ သမီး၊ သား စသည့် အသုံးအနှုန်းများသည် မိမိ၏ ဆွေမျိုးသားချင်း၊ မိသားစု စသည့် အသိုင်းအဝန်းများ အတွင်း၌သာ သင့်တော်သည့် အသုံးအနှုန်းများ ဖြစ်ပါသည်။ ငါ ဟူသည့် အသုံးအနှုန်း သည် မိတ်ဆွေသူငယ်ချင်း ခင်မင်ရင်းနှီးသူများနှင့် ပြောဆို ဆက်ဆံရာတွင်သာ သုံးစွဲသင့်ပါသည်။
လုပ်ငန်းခွင် ဝင်ရောက်သည့် အခါတွင် နားကလော်စရာ အသုံးအနှုန်းများကို တွေ့လာရပါသည်။ ဥပမာ- အသက်က ၄၀ ကျော်နေပြီး အထက်လူကြီး များနှင့် ဆက်ဆံရာတွင် မိမိကိုယ်ကို သမီး (သို့) သားဟု သုံးနှုန်းခြင်းမှာ မဖြစ်သင့်ဟု ထင်ပါသည်။ ပို၍ဆိုးသည်မှာ အချို့သော မိန်းကလေးများသည် မိမိကိုယ်ကို မီးမီးဟု နာမ်စားသုံးနှုန်း ပြောဆိုတတ်ကြသည်။ ထိုအသုံးအနှုန်းမျိုးမှာ မိသားစုအတွင်း၌ သင့်တော်သော်လည်း လုပ်ငန်းခွင်၌ ပြောဆို ဆက်ဆံသည့်အခါ ချွဲနွဲ့သည့်သဘော၊ မရင့်ကျက်သည့်သဘောမျိုး သက်ရောက်သည်ဟု ထင်ပါသည်။ မိမိအနေဖြင့် ရာထူးအဆင့်အတန်း ကြီးမြင့်သူဖြစ်ပြီး ထိုသို့သော အသုံးအနှုန်းမျိုးကို သုံးစွဲပါက လုံးဝမသင့်တော်ဟု ဆိုရပါမည်။
မြန်မာစကား အသုံးအနှုန်းများသည် ရှုပ်ထွေးနက်နဲလှပါသည်။ နာမ်စားအသုံးအနှုန်းနှင့် ပတ်သက်၍ အင်္ဂလိပ်စာတွင်တော့ မည်သူနှင့် ပြောပြော (I) တစ်လုံးနှင့် အဆင်ပြေပါသည်။ မြန်မာစကားတွင်မူ ဆက်ဆံသည့်လူ၏ အခြေအနေပေါ်မူတည်၍ ပြောင်းလဲသုံးစွဲရခြင်း ဖြစ်ပါသည်။ ထို့ကြောင့် မြန်မာစကားပြောဆိုရာတွင် နာမ်စား အသုံးအနှုန်းကို အခြေအနေနှင့် သင့်/မသင့် သတိပြုသုံးစွဲဖို့ လိုမည်ဖြစ်ပါသည်။

1 comment:
ဘယ်လိုအသုံးအနှုန်းမျိုးက အသင့်လျော်ဆုံးလဲဆိုတာ သိပါရစေ၊
Post a Comment