Thursday, May 29, 2008

မြန်မာ Blogger များနှင့် မူပိုင်ခွင့်


ယနေ့အချိန်တွင် မြန်မာ Blog များမှာ တဟုန်ထိုး တိုးတက်များပြား လျက်ရှိပါသည်။ ထို့ကြောင့်ပင် Blog များ အကြား၌ ကူးယူဖော်ပြခြင်းများ ရှိလာပါသည်။ ယခု Post ၏ ခေါင်းစဉ်တွင် ဖော်ပြထားသည့် မူပိုင်ခွင့်သည် ငွေကြေးရပိုင်ခွင့်ကို မဆိုလိုပါ။ တစ်ဦးနှင့်တစ်ဦး လေးစားမှု၊ ဂုဏ်သိက္ခာ ရပိုင်ခွင့်ကိုသာ ဆိုလိုပါသည်။ Blog များအကြား Post များ ကူးယူဖော်ပြ နေကြသည်ကို တွေ့နေရပါသည်။
ထိုသို့ Post များ ကူးယူခံကြရရာတွင် မူရင်းပိုင်ရှင် Blogger များအနေဖြင့် စိတ်ဆိုးကြလိမ့်မည်ဟု မထင်ပါ။ မိမိ၏ စာသား၊ အယူအဆ၊ အသွင် သဏ္ဌာန်ကို ကြိုက်နှစ်သက်၍ တဆင့်ကူးယူဖော်ပြခြင်းဟု ယူဆ၍ပင် နှစ်သက်ကြပေလိမ့်မည်။
သို့သော် ကူးယူဖော်ပြသူများ အနေနှင့် ရိုးသားမှုရှိဖို့တော့ လိုမည်ထင်ပါသည်။ ဤစာသား (သို့) ကဗျာကို ကြိုက်နှစ်သက်၍ မည်သည့် Site ၊ မည်သည့် Blog မှ ကူးယူဖော်ပြသည်ဟု မှတ်ချက်ရေးပေး သင့်သည်ဟု ထင်ပါသည်။ သို့မှသာ မူရင်းရေးသားသူကို လေးစားရာ ရောက်ပါမည်။
Blogger များသည် စီးပွားရေးသမားများ မဟုတ်ကြပါ။ မြန်မာနိုင်ငံတွင် Blog ရေးသားခြင်းဖြင့် အသက်မွေးဝမ်းကျောင်းသည့် Blogger များရှိမည် မထင်ပါ။ ဝါသနာအလျောက်သာ Blog ရေသားနေကြသူများ ဖြစ်ပါသည်။ ထို့ကြောင့် Blogger များ အချင်းချင်း ဂုဏ်သိက္ခာလေး ကိုတော့ အလေးထားဖို့လိုမည်ဟုထင်ပါသည်။

2 comments:

Welcome said...

လာလည်တယ်ညီလေး။ကိုယ်ကတော့ ပညာပေး ပို့စ်တွေကို လူတိုင်း သိသင့်တယ်ထင်လို့ ထပ်ဆင့်ကူးပြီး ပြန်ဖြန့်ဝေပါတယ်။ မူရင်း ပို့စ်ရှင်ကိုလည်း အသိပေးတယ်။ ကူးတင်ထားတဲ့ပို့စ်အောက်ခြေမှာလဲ မူရင်းပို့စ်လင့်ခ် ကိုဖော်ပြထားတယ်။ အဆင်ပြေပါစေ...

Anonymous said...

သူများတွေကို စာသားတွေကူးချဖို့ မပြောခင် ကိုယ် ကိုယ်တိုင်က သူများစာသားတွေကို ကူးမချဖို့ လိုမယ် ထင်တယ်။ ပြောတာကတော့ လွယ်ပေမယ့် လက်တွေ့မှာ လိုက်နာဖို့ ခက်နေတာက လူ့လောကပါ။ အဲဒါကြောင့် ပြောချင်တာက သူများကို မပြောခင် မိမိ ကိုယ်ကိုယ် ဆန်းစစ်ဖို့လိုပါလိမ့်မယ်။