Tuesday, July 8, 2008

အခြေခံပညာရေး၏ ချို့ယွင်းချက်အချို့

အခြေခံ ပညာရေးကာလ (သူငယ်တန်းမှ ၁၀ တန်းအထိ) တွင် ကလေးများအား ရိုက်၍ စာသင်ခြင်းသည် ချို့ယွင်းချက် တစ်ခုဖြစ်ပါသည်။ စင်္ကာပူနိုင်ငံတွင် ကလေးများအား ရိုက်နှက်ဆုံးမ၍ စာသင်ကြားခြင်းကို တားမြစ်ထားသည်ဟု စာအုပ်တစ်အုပ်တွင် ဖတ်ဖူးပါသည်။ အနောက်နိုင်ငံ များတွင်လည်း စာသင်သား ကလေးများကို ရိုက်နှက်ဆုံးမလေ့ မရှိကြပါ။ ကလေးများ (လူငယ်များ) သည် စူးစမ်းလေ့လာ တတ်သူများ ဖြစ်ကြပါသည်။ ငယ်စဉ်ကလေး အရွယ်သည် အတွေးအခေါ်များ၊ တီထွင်ဖန်တီး လိုစိတ်များ၊ အရာရာအပေါ် သိလိုစိတ်များ ပြင်းထန်နေသည့် အချိန်ဖြစ်ပါသည်။
ကလေးများအား ရိုက်နှက်ဆုံးမခြင်းသည် ကလေးများ၏ စိတ်ဓါတ်ကို ရိုက်ချိုးခြင်းပင် ဖြစ်ပါသည်။ ကလေးများ၏ ဖန်တီးလိုစိတ်၊ စူးစမ်းလိုစိတ်များ ကုန်ခမ်းပြီး အကြောက်တရား စိုးမိုးသွားနိုင်ပါသည်။ မြန်မာနိုင်ငံတွင် ဆရာ၊ ဆရာမ အများစုသည် တုတ်ကိုင်၍ စာသင်ကြားကြ လေ့ရှိပါသည်။ ထိုအချက်သည် ကလေးများ၏ လွတ်လပ်စွာ တွေးခေါ်ခြင်းကို ပိတ်ပင်သွားစေပြီး အကြောက်တရားဖြင့် ပုံစံတစ်ခုအတွင်းသို့ ရိုက်သွင်းသည့် ပညာရေး ဖြစ်စေပါသည်။
ထို့အပြင် ဆရာအများစုသည် ကျောင်းသားများအား ယင်းခေါက်ရိုး ကျိုးနေသည့် ပုံစံဖြင့်သာ သင်ကြားလေ့ ရှိကြပါသည်။ ဥပမာ၊ သင်္ချာပုစ္ဆာတစ်ပုဒ်ကို အဖြေရှာသည် ဆိုပါစို့။ ဆရာသည် ကျောင်းသားအား ၄င်းလိုချင်သည့် ပုံစံအတိုင်းသာ တွက်ခိုင်း၊ အဖြေရှာခိုင်းလေ့ရှိပါသည်။ ၄င်း လိုချင်သည့် ပုံစံနှင့် လွဲချော်၍ တွက်ချက် အဖြေရှာသည့်အခါ အဖြေမှန် သော်ငြားလည်း အမှတ်ပေးပုံစံနှင့် မကိုက်ဆိုသည့် ဆုံးဖြတ်ချက်နှင့်ပင် ကျောင်းသားအား အမှန်ပေးလေ့ မရှိကြပါ။ ၄င်းတို့၏ ပုံစံအတွင်း၌သာ ဝင်အောင်အဖြေရှာ တွက်ချက်ကြရသည်။ ယင်းအချက်သည် ကလေးများ၏ လွတ်လပ်စွာ တွေးခေါ်ခြင်းကို မသိမသာ ပိတ်ပင်လိုက်ခြင်း ဖြစ်ပါသည်။ ထိုပုံစံဖြင့် သင်ကြားမှုသက်တမ်း ရှည်လာသောအခါ ကလေးများသည် ဆရာကို အားကိုးမှု ပိုလာကြပါသည်။ ကိုယ်တိုင်စဉ်းစား တွေးခေါ်မှု လျော့နည်းလာပြီး ဆရာများ၏ လမ်းကြောင်းပေးမှု အပေါ်မှီခိုလာကြသည်။

လွတ်လပ်စွာ စဉ်းစားတွေးခေါ်မှုကို အသိအမှတ်ပြုသော ဆရာများရှိကောင်း ရှိနိုင်ပါသည်။ သို့သော် အနည်းစုသာ ဖြစ်နေသည်ဟုတော့ ပြောနိုင်ပါသည်။ ထိုသို့ ဖြစ်နေသည်ကို ဆရာများအပေါ် အပြစ်တင်နေခြင်း မဟုတ်ပါ။ ဗုဒ္ဓဘာသာဝင်များ လက်ခံထားသလို အနန္တော အနန္တ ဂိုဏ်းဝင်ဆရာများ၏ စေတနာ အမှားများကို ထောက်ပြခြင်းသာ ဖြစ်ပါသည်။

ထို့ကြောင့် ၂၁ ရာစုတွင် ဆရာများ၏ ရိုက်နှက်ဆုံးမ၍ စာသင်ကြားခြင်းအား ကျိုးကြောင်းရှင်းပြ ဆုံးမသင်ကြားခြင်းဖြင့် အစားထိုး၍ လူငယ်များ၏ လွတ်လပ်စွာ တွေးခေါ်နိုင်မှုကို အသိအမှတ်ပြု အားပေးသင်ကြားမှု ပုံစံသို့ ပြောင်းလဲသင့်ပြီဟု ဆိုချင်ပါသည်။

5 comments:

PARCHUU said...

မိုးမှောင်ရေ
စသင်တာ တပည့်လေးတွေရဲ့ စိတ်ကို သိပီး သင်တဲ့ ဆရာဆိုရင် ပိုကောင်းတယ်လို့ မကြီးထင်တယ်

မိုးမှောင် said...

ဟုတ်တာတော့ ဟုတ်ပါတယ်.. မကြီးရယ်.. အခုခေတ်မှာက အခန်းတစ်ခန်းမှာ ကျောင်းသားက ၇၀/၈၀ ဆိုတော့ ဆရာတွေလည်း တပည့်စိတ်ကို ဘယ်သိနိုင်တော့မလဲ.. သူတို့မှာလဲ စားဝတ်နေရေးကရှိသေး..

နဒီမင်း said...

ကိုမိုးမှောင်ရေးထားတာဟာ ပညာရေးအတွက်တကယ် လိုအပ်တဲ့အရာတွေပါ။ အခုဆိုရင် ပညာရေးဝန်ကြီးဌာန ကချမှတ်ထားတယ် သင်ယူသူဗဟိုပြုနည်းတွေ ကိုပေါ့။ ဒါပေမယ့် သင်ရမယ့် ကို့စ်၊ ကျောင်းသားအရေအတွက်နဲ့ သိပ်မကိုက် တော့ အဆင်တော့သိပ် မပြေသေးဘူးပေါ့။ စာသင်ခန်းတစ်ခန်းကို ကျောင်းသား 35 ယောက် ပဲ ထားသင့်တယ်ထင်တယ် နော်။ နည်းပညာလည်း လိုသေးတယ်လေ။အားလုံးခြုံကြည့်ရင် မြန်မာနိုင်ငံ ပညာရေး က တော်တော်ကိုလိုသေးတယ်ထင်တယ်နော်။

နဒီမင်း said...

ကိုမိုးမှောင်ရေးထားတာဟာ ပညာရေးအတွက်တကယ် လိုအပ်တဲ့အရာတွေပါ။ အခုဆိုရင် ပညာရေးဝန်ကြီးဌာန ကချမှတ်ထားတယ် သင်ယူသူဗဟိုပြုနည်းတွေ ကိုပေါ့။ ဒါပေမယ့် သင်ရမယ့် ကို့စ်၊ ကျောင်းသားအရေအတွက်နဲ့ သိပ်မကိုက် တော့ အဆင်တော့သိပ် မပြေသေးဘူးပေါ့။ စာသင်ခန်းတစ်ခန်းကို ကျောင်းသား 35 ယောက် ပဲ ထားသင့်တယ်ထင်တယ် နော်။ နည်းပညာလည်း လိုသေးတယ်လေ။အားလုံးခြုံကြည့်ရင် မြန်မာနိုင်ငံ ပညာရေး က တော်တော်ကိုလိုသေးတယ်ထင်တယ်နော်။

Unknown said...
This comment has been removed by the author.