Thursday, July 10, 2008

အဆင့်မြင့်ပညာ အဆင့်တွင် ဒါလေးတွေကို ပြင်သင့်သည်။

အဆင့်မြင့်ပညာ အဆင့် (တက္ကသိုလ်) တွင် ဖြစ်နေသော အရာလေးများကို ပြောချင်ပါသည်။ ဦးစွာပထမ တက္ကသိုလ်၏ အရသာများကို ပြောဖို့လိုမည် ထင်ပါသည်။ တက္ကသိုလ်၊ ကောလိပ်များသည် အမှန်တကယ်တွင် အထူးပြု ယူထားသော ဘာသာရပ်ကိုသာ ရေကုန်ရေခမ်း သင်ကြားပေးရန် တည်ထောင်ထားခြင်း မဟုတ်ပါ။ ပညာသင်ကြား နေရင်းမှပင် နောင်တစ်ချိန် လုပ်ငန်းခွင် ဝင်ကြလျှင် အဆင်ပြေ စေရေးအတွက် လူမှုဆက်ဆံရေး၊ ပေါင်းသင်းဆက်ဆံရေး၊ ပူးပေါင်း ဆောင်ရွက်တတ်မှု စသည်တို့ကိုလည်း အလေ့အကျင့် ဖြစ်အောင် လက်တွေ့ လေ့ကျင့်ပေးရာ နေရာတစ်ခု ဖြစ်ပါသည်။ ယခုကာလတွင်တော့ ထိုဓလေ့များမှာ ပျောက်ကွယ်နေပြီဟု ဆိုနိုင်ပါသည်။

တက္ကသိုလ်တွင် ကျူရှင်လိုသလား? ယူနီဖောင်း ဝတ်ဆင်ရန် လိုသလား? ကျူရှင်ကို ပြောရလျှင် လုံးဝမလိုပါ။ တက္ကသိုလ်အဆင့်သည် ကိုယ်တိုင်လေ့လာ သင်ယူမှု (Private Study) ကို အားပေးသင်ကြားသော အဆင့်ဖြစ်ပါသည်။ ကျောင်းသားများ၏ အစွမ်းကို ဖော်ထုတ်ရမည့် နေရာတစ်ခုဖြစ်ပါသည်။ တက္ကသိုလ်သည် ဘွဲ့လက်မှတ် ရရှိရေးအတွက်သာ စဉ်းစားထားပြီး ပျော်ပွဲစားထွက်သလို အဖွဲ့လိုက် ထမင်းလာစားသော နေရာတစ်ခု မဖြစ်သင့်ပါ။ မိမိကိုယ်ကို လူကြီးလူကောင်း ဆန်လာအောင်၊ ရင့်ကျက်လာအောင် ပြုစုပျိုးထောင် လေ့ကျင့်ရသော နေရာတစ်ခုသာ ဖြစ်သင့်ပါသည်။

ယူနီဖောင်းနှင့် ပတ်သက်ပြီးပြောလျှင် တက္ကသိုလ်သည် လက်တွေ့ဘဝထဲသို့ မဝင်ရောက်မီ အကြိုလေ့ကျင့်ရေး ဆင်းသည့်နေရာ ဖြစ်သည့်အတွက် လုံးဝမလိုအပ်ဟု ဆိုရပါမည်။ ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းရေးအတွက်ဆိုလျှင် ယဉ်ယဉ်ကျေးကျေးဝတ်စား ဆင်ယင်မှုရှိအောင် ပညာပေးခြင်းသာ ဖြစ်သင့်ပါသည်။ တက္ကသိုလ်အဆင့်တွင် ယူနီဖောင်း ဝတ်ခိုင်းခြင်းသည် မလိုအပ်သည့် (မယောင်ရာ ဆီလူးသည့်) အလုပ်တစ်ခုသာ ဖြစ်ပါသည်။

ပြန့်ကျဲနေသည့် ကျောင်းတော်များ (တက္ကသိုလ်၊ ကောလိပ်)

ကျောင်းတော်များ ပြန့်ကျဲနေခြင်းသည် စီမံကွပ်ကဲရ ခက်ခဲမှု၊ ဘဏ္ဏာရေး ပိုမိုကုန်ကျမှု များသာ အဓိက ဖြစ်စေပါသည်။ ထိုကျောင်းတိုင်းမှ အရည်အချင်းပြည့်ဝသော ပညာတတ်များ မွေးထုတ်ပေးနိုင်မည် မထင်ပါ။ ဥပမာပေးရလျှင် နယ်စွန်နယ်ဖျားရှိ ကျောင်းတစ်ကျောင်းသို့ အရည်အချင်းပြည့်ဝသော ဆရာတစ်ဦး စေလွှတ်နိုင်ရေးမှာ လက်တွေ့တွင် မလွယ်ကူပါ။ ဆရာ၏ဘက်မှ ကြည့်လျှင်လည်း မိမိနေထိုင်ရာ မြို့ကြီးပြကြီးမှ စွန့်ခွာ၍ နယ်စွန်နယ်ဖျားသို့ သွားရောက်ရန် အခက်အခဲရှိပါသည်။ ယင်းမှာ အသေးမွှားဆုံး အခက်အခဲလေးသာ ဖြစ်ပါသည်။

ထို့ကြောင့် ကျောင်းတော်များ ပြန့်ကျဲနေခြင်းသည် မလိုလားအပ်သည့် အရာတစ်ခုသာ ဖြစ်ပါသည်။ တက္ကသိုလ်အဆင့်တွင် ပညာသင်ကြား လိုသူများသည် နာမည်ရှိသော အရှိန်အဝါကြီးသော ကျောင်းများသို့ ဝင်ရောက်နိုင်အောင် ကြိုးစားမှုသာရှိပါသည်။ တက္ကသိုလ်များက ကျောင်းသားများနေထိုင်ရာ အရပ်တိုင် သွားရောက် သင်ကြားမှုတော့ မရှိပါ။ ကျောင်းဆောက်ရင်း ကုန်ကျမည့် ငွေများကို ရှိပြီးသားကျောင်းများတွင် လိုအပ်သည့် အခြေခံ အဆောက်အဦများ၊ လေ့ကျင့်သင်ကြားရေး ပစ္စည်းများ စသည်ဖြင့် ဖြည့်တင်းပေးပါက ပို၍သင့်တော်ပါမည်။

အဓိကပြောချင်သည်မှာ ပညာရေးလုပ်ငန်းသည် စက်ရုံများတည်ထောင်ပြီး ကုန်ပစ္စည်းများ ထုတ်လုပ်သလို လုပ်ဆောင်၍ မရပါ။ လူ့စွမ်းအားကို ပြုစုပျိုးထောင်ရာတွင် နေရာတကာတွင် စက်ရုံများတည်ထောင်ပြီး ပုံစံတူတံဆိပ်ရိုက် ထုတ်လုပ်သလို ပညာတတ်များ မွေးထုတ်၍ မရနိုင်ပါ။ ထိုသို့ ကြိုးစားလျှင်လည်း အရည်အတွက်သာရှိပြီး အရည်အသွေးမှာ ဆုတ်ယုတ်သွားမည် ဖြစ်ပါသည်။ ပညာခေတ်တွင် အရည်အသွေး ပြည့်ဝမှုသည် အလွန်အရေးကြီးကြောင်း လူတိုင်းသတိပြုမိကြပါလိမ့်မည်။

3 comments:

Anonymous said...

All I can say is nothing because your blog is not interesting to read.

Anonymous said...

ဟုတ်တယ် တကယ်ဟုတ်တယ်
green card lottery အရူးကောင်

Anonymous said...

ဟုတ်ပါတယ်
ကျောင်းမျးပြားလာသော်လည်းပညာဝ်ရှားပါးလာသည်
ဆရာ/မတွေများပြားလာသော်လည်းပညာမဲ့ ပေါများလာသာည်တဲ့ 