Tuesday, August 12, 2008

ကျွန်တော်နှင့် Fuzzy Logic

ကျွန်တော်တို့ သိခဲ့သည်မှာ သင်္ချာနှင့် သိပ္ပံပညာသည် တိကျသေချာသည်။ တိကျ သေချာအောင်လည်း အဓိပ္ပာယ် သတ်မှတ်ချက်များ၊ သီအိုရမ်များဖြင့် တိကျသေချာမှုကို အတည်ပြုကြသည်။ သို့သော် မတိကျ မသေချာသော အခြေအနေများကို သင်္ချာနည်းဖြင့် တွက်ချက်နိုင်သည့် Fuzzy Logic ဆိုသည့် သီအိုရီတစ်ခုရှိသည်ကို ဒေါက်တာခင်မောင်ဝင်း၏ Fuzzy Logic and Set Theory ဆိုသည့် စာအုပ်ဖတ်ရင်းမှ သိရှိလာသည်။

ယင်းစာအုပ်တွင် Fuzzy Logic ကို စတင်တည်ထွင်မှုမှာ အမေရိကန်နိုင်ငံမှစပြီး လက်တွေ့အောင်မြင်အောင် အသုံးချနိုင်ခဲ့သည်မှာ ဂျပန်နိုင်ငံမှ ဖြစ်သည်ဟုဆိုသည်။ ဂျပန်နိုင်ငံရှိ မီးပွိုင့်များ၊ မီးရထားလမ်း ထိန်းချုပ်မှုများ၊ ခေတ်မှီလျှပ်စစ် ပစ္စည်းများတွင် Fuzzy Logic ကို အခြေခံထားသည် ဟုဆိုသည်။

Fuzzy Logic ဆိုသည်မှာ အဘယ်နည်း။ Fuzzy Logic သည် မှန်ကန်ခြင်းမရှိပါက မှားနေသည်၊ မှားနေပါကလည်း မှန်ကန်မှုမရှိဆိုသည့် သမားရိုးကျ Logic ကို ဆန့်ကျင်ထားပါသည်။ Fuzzy Logic တွင် အဓိက အယူအဆမှာ အမှန်တွင်လည်း လုံးဝမှန်ကန်ခြင်းရှိသလို တပိုင်းတစမှန်ကန်ခြင်း (အမှန်ဒီဂရီ) ရှိသည်။ ထို့အတူ အမှားတွင်လည်း လုံးဝမှားယွင်းခြင်းကို လက်ခံသလို တပိုင်းတစ်မှားယွင်းခြင်း (မှားယွင်းမှု ဒီဂရီ) လက်ခံထားပါသည်။

ဥပမာ၊ ၄ သည် ၅ နှင့် ညီမျှသည် ဆိုသော အယူအဆသည် ၄ သည် ၁၀၀ နှင့် ညီမျှသည် ဆိုသော အဖြေထက် မှန်ကန်မှု ရာခိုင်နှုန်းပိုသည်ဟု ဆိုနိုင်ပါသည်။ Fuzzy Logic တွင် စဉ်းစား သုံးသပ်ပုံမှာ ရာနှုန်းပြည့် မှန်ကန်လျှင် (၁) ဟု သတ်မှတ်ပြီး လုံးဝမှားယွင်းမှု ရှိလျှင် (၀) ဟု သတ်မှတ်ပါသည်။ ထို အမှန်နှင့် အမှားကြားတွင်လည်း နှစ်ပုံတစ်ပုံ မှန်ကန်သည်၊ လေးပုံတစ်ပုံ မှန်ကန်သည်၊ အပုံနှစ်ဆယ်ပုံ ခုနှစ်ပုံမှန်ကန်သည် စသည်ဖြင့် အမှန်ရာခိုင်နှုန်းများ ရှိသည်ကို လက်ခံထားပါသည်။

စဉ်းစားကြည့်ကြပါစို့။ ကြက်သည် ငှက်ဖြစ်သည် ဆိုသည့် အဆိုကို စဉ်းစားကြည့်ကြပါမည်။ ထိုအခါ မည်သည့် အချက်များနှင့် ပြည့်စုံပါက ငှက်ဟုခေါ်နိုင်သည်ကို အဓိပ္ပာယ်သတ်မှတ်ရပါမည်။ ဆိုကြပါစို့။ ငှက်တစ်ကောင်ဖြစ်ရန် -
(၁) အတောင်ပံပါရမည်။
(၂) ခြေ ၂ ချောင်းရှိရမည်။
(၃) နှုတ်သီးရှိရမည်။
(၄) မိုးပေါ်ပျံနိုင်ရမည်။
(၅) လေထဲတွင် နေသည့်အချိန်ပိုများရမည်၊
ဟု အဓိပ္ပာယ် သတ်မှတ်ထားသည် ဆိုပါစို့။ ထိုအခါ ကြက်သည် အမှတ်စဉ် (၁)၊ (၂)၊ (၃)နှင့် (၄) တို့နှင့်ပြည့်စုံသည့် အတွက် ကြက်သည် ငှက်ဖြစ်သည် ဆိုသည့် အဆို ငါးပုံလေးပုံ မှန်ကန်သည်ဟု ဆိုနိုင်ပါသည်။ ယင်းမှာ Fuzzy Logic ၏ ယူဆပုံဖြစ်ပါသည်။ သာမန် Logic တွင် မူ ကြက်သည် ငှက်ဖြစ်သည် ဆိုသည့်အဆိုကို မဟုတ် (၀) ဟုဆိုရပါမည်။ Fuzzy Logic တွင်မူ ဖြစ်နိုင်သည့် အခြေအနေ၊ မရေရာ မသေချာသည့် အခြေအနေများကို ထည့်စဉ်းစားပါသည်။


Fuzzy Logic သည် ၀ မဟုတ်ပါက ၁ ဖြစ်ရမည်၊ မမှန်ပါက မှားရမည်ဆိုသည့် အဆိုကို လုံးဝလက်မခံပါ။ ၀ မဟုတ်ပါက နှစ်ပိုင်းတစ်ပိုင်းလည်း ဖြစ်နိုင်သည်။ လေးပိုင်းတစ်ပိုင်းလည်း ဖြစ်နိုင်သည်။ ထိုသို့သော အခြေအနေများကို ထည့်စဉ်းစားပါသည်။ ထို့ကြောင့် Fuzzy Logic သည် ဗုဒ္ဓ၏ မဇ္ဇိမပဋိပဋာ (အလယ်အလတ် လမ်းစဉ်) ကို လက်ခံထားသည်ဟု ဆိုနိုင်ပါသည်။ မိတ်ဆွေ သင်လည်း စဉ်းစားကြည့်ပါ။

ပုစ္ဆာ (၁)
ခေါင်းဆောင်ကောင်းဆိုသည်မှာ အဘယ်နည်း။ ခေါင်းဆောင်ကောင်း၏ အဓိပ္ပာယ်သတ်မှတ်ချက်ကို သင်စိတ်တိုင်းကျ ဖွင့်ဆိုကြည့်ပါ။ ပြီးလျှင် မောင်ဘသည် ခေါင်းဆောင်ကောင်းဖြစ်သည်၊ စသည်ဖြင့် သင်တွက်ချင်သော ခေါင်းဆောင်များကို မောင်ဘနေရာတွင် ထား၍တွက်ကြည့်ပါ။ Fuzzy Logic တွင် ရရှိသော အဖြေများမှာ အဓိပ္ပာယ် သတ်မှတ်ချက်ပေါ် မူတည်၍ ကွဲပြားသည်ကို တွေ့ရှိရပါမည်။


ပုစ္ဆာ (၂)
ဆရာဝန်ကောင်းဆိုသည်မှာ အဘယ်နည်း။ ဆရာဝန်ကောင်း၏ အဓိပ္ပာယ်သတ်မှတ်ချက်ကို သင်စိတ်တိုင်းကျ ဖွင့်ဆိုကြည့်ပါ။ ပုစ္ဆာ (၁) ကကဲ့သို့ ပင် သင်သိသော ဆရာဝန်များကို အစားထိုး၍ တွက်ကြည့်ပါ။


ပုစ္ဆာ (၃)
နေချင်စရာကောင်းသည့် တိုင်းပြည်/နိုင်ငံ ဆိုသည်မှာ အဘယ်နည်း။ နေချင်စရာကောင်းသည့် တိုင်းပြည်/နိုင်ငံ၏ အဓိပ္ပာယ်သတ်မှတ်ချက်ကို သင်စိတ်တိုင်းကျ ဖွင့်ဆိုကြည့်ပါ။ ပုစ္ဆာ (၁) ကကဲ့သို့ ပင် နိုင်ငံများကို အစားထိုး၍ တွက်ကြည့်ပါ။


အချိန်ရလျှင် စဉ်းစားတွက်ချက်ကြည့်ပါ။ Fuzzy Logic သည် အလွန်စိတ်ဝင်စားစရာ ကောင်းသည်ကို သင်တွေ့ရှိရ ပါလိမ့်မည်။

No comments: