အရာရာသည် အစရှိလျှင် အဆုံးရှိရ ပေမည်။ ကျွန်တော်သည် စိတ်ဦးတည့်ရာ အရောင်များ အကြောင်းကို ရှာဖွေတွေ့ရှိ သိရသမျှ အချက်များကို ဖော်ပြခဲ့ပါသည်။ ယခုတော့ အရောင်များ အကြောင်း ဖော်ပြခြင်းကို တစ်ခန်းရပ် ရတော့ပေမည်။
နိဂုံးပိုင်း ဖြစ်သည့်အတွက် အချုပ်သဘောမျိုးတော့ ဖော်ပြဖို့လိုမည် ထင်ပါသည်။ ကျွန်တော်တို့ လူသားများသည် (ဂဏန်းများ၊ အရောင်များ စသည်ဖြင့်) အရာရာ အပေါ်တွင် အဓိပ္ပာယ်များ သတ်မှတ်ထား ကြလေ့ ရှိပါသည်။ ထိုသို့ ယုံကြည်ယူဆ ကြရာတွင်လည်း ကာလ၊ ဒေသ၊ လူမျိုးကို လိုက်၍လည်း အယူအဆများ ကွဲပြားတတ်ကြပါသည်။
ဥပမာ၊ တရုတ် လူမျိုးများသည် အနီရောင်ကို မင်္ဂလာအရောင် အဖြစ်သတ်မှတ် ကြပါသည်။ အနက်ရောင်ကို အမင်္ဂလာ အရောင်အဖြစ် သတ်မှတ်၍ ရှောင်ကြပါသည်။ အနောက်နိုင်ငံသားများမှာမူ အနက်ရောင်ကို စွမ်းအား ပြည့်ဝသော အရောင်အဖြစ် အသုံးပြုကြသလို ဝမ်းနည်းခြင်း အထိမ်းအမှတ် အရောင်အဖြစ်လည်း သုံးတတ်ကြပါသည်။ ရွှေရောင်ကိုမူ မင်းဧကရာဇ်များမှ တော်ဝင်နန်းသုံး အရောင်အဖြစ် နိုင်ငံအတော် များများတွင် အသုံးပြုကြပါသည်။ ထိုကြောင့် အရောင်များကို အဓိပ္ပာယ် ဖွင့်ရာတွင် နိုင်ငံများအလိုက် ကွဲပြားမှုတော့ ရှိပါသည်။
ထို့အပြင် အရောင်များကို ရောစပ်ပါက အရောင်အသစ်များ ရေတွက်၍ သတ်မှတ်၍ မကုန်နိုင်အောင် ဖြစ်ပေါ်နိုင်ပါသည်။ ထိုအရောင် အသစ်များသည် မူရင်းအရောင်များ၏ ဂုဏ်သတ္တိများ ရောစပ်သွားကြ ပါသည်။ ထိုကြောင့် ကမ္ဘာလောကကြီးတွင် ရှိသမျှသော ရောင်များ၏ သဘောကို ဖော်ပြရန်မလွယ်ကူပါ။ ကွန်ပျူတာတွင်မူ အခြေခံ အရောင်များဖြစ်သော (RGB) အနီ၊ အစိမ်း၊ အပြာ သုံးရောင်ကို ရောစပ်ခြင်းဖြင့် အခြားအရောင်များကို ဖော်ပြနိုင်ပါသည်။
ကျွန်တော်၏ ဖော်ပြမှုများသည် မပြည့်စုံခြင်း၊ မှားယွင်းခြင်းများ ပါရှိပါက ကျွန်တော်၏ လေ့လာမှု ညံ့ဖျင်းခြင်းကြောင့်သာ ဖြစ်ပါသည်။
No comments:
Post a Comment