Friday, July 18, 2008

အဖေ့ကို လွမ်းတဲ့နေ့ (အာဇာနည်နေ့)

ဘယ်သူတွေ မေ့နေကြပစေ။ အဲဒီနေ့ကို ငါလုံးဝမမေ့ဘူး။ ဇူလိုင် (၁၉) တဲ့ သမိုင်းမှာတော့ အဆိုးရွားဆုံး လုပ်ကြံ ခံရမှုပဲ။ သတိရတယ်။ မိုးလေးတွေ တဖွဲဖွဲရွာနေတုန်း ၁၉၄၇ ခုနှစ်၊ ဇူလိုင် (၁၉) တဲ့။ နိုင်ငံ ရှေ့ရေးအတွက် ဆွေးနွေးနေကြတဲ့ ခေါင်းဆောင်တွေ ရက်ရက် စက်စက် လုပ်ကြံခံခဲ့ ကြရတယ်။ အဲ့ဒီ အဖြစ်အပျက်တွေကို ငါကိုယ်တိုင် မမြင်ဘူးပါဘူး။ ဒါပေမယ့် သမိုင်းစာအုပ်တွေက ပြောတဲ့ပုံရိပ်ကို ငါ့မျက်လုံးထဲက မထွက်ဘူး။

အဓိက မမေ့နိုင်တာကတော့ ငါတို့ရဲ့ ဖခင်လိုလေးစားရတဲ့ ဗိုလ်ချုပ်အောင်ဆန်း… သမိုင်းမှာတော့ တစ်ခေတ်မှာ တစ်ခါ၊ တစ်ခါမှာ တစ်ယောက် ရှားရှားပါးပါး လေးစားရတဲ့သူ။ အရွယ်ကောင်းမှာ တိမ်းပါး သွားခဲ့တယ်။ နိုင်ငံသမိုင်းမှာ ထင်ပေါ်ခဲ့သူ…… နောင်အနာဂတ် မြန်မာသမိုင်းမှာလည်း ထင်ပေါ်နေမယ့်သူ…. မမေ့ပါဘူး… မမေ့ကြပါနဲ့…

“လှိုင်းထန်လေထဲ မျောတဲ့ အခါ
အထီးကျန်လာတိုင်း အတွေးထဲမှာ
အမြဲမြင်ယောင်တမ်းတမိတယ် အဖေ”

လေးဖြူရဲ့ “အဖေ” ဆိုတဲ့ သီချင်းကို နားထောင်လိုက်တိုင်း နိုင်ငံအတွက် ဖခင်ကောင်း တစ်ယောက် ဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်ကို သတိရမိတယ်။

“အဖေထွန်းညှိခဲ့တဲ့
အမှောင်ကိုခွင်းမယ့် လမ်းပြမီးနဲ့
အဖေအိပ်မက်ခဲ့တဲ့
အနာဂတ်လောကအကျိုးသယ်ပိုးမယ့်
ကျွန်တော့်ကိုယ်ထဲမှာလှည့်ပတ်
အဖေ့ရဲ့သွေးတွေရဲပါတယ်အဖေ”

အခက်အခဲတွေကြုံတိုင်း…. သတိရတယ် အဖေ။ အဖေမျှော်လင့်ခဲ့တဲ့ အနာဂတ် နိုင်ငံတော် ကြီးကို အမြန်ဆုံး မြင်ချင်ပါတယ်။ အဖေရဲ့ အိပ်မက်တွေဟာ နှစ်ပေါင်း (၆၁) နှစ် ကြာခဲ့ ပေမယ့် ပျောက်ပျက် မသွားပါဘူး။ အဖေရဲ့ အိပ်မက်တွေကို အကောင်အထည် ဖော်ပေးရမှာ သားတို့လို လူငယ်တွေရဲ့ တာဝန်ပါ။ အတိတ်ကို ပြင်ဆင်ခွင့် မရှိပေမယ့် အနာဂတ်ကို အကောင်းဆုံးဖြစ်အောင် ဖော်ဆောင်သွားရမှာ သားတို့တွေရဲ့ တာဝန်ပါ။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ အဖေ… ဧရာဝတီမြစ်ကြီး ရှိနေသ၍ အဖေကို လွမ်းလို့ကျတဲ့ မျက်ရည်တွေဟာ ကျွန်တော်တို့ ရင်ထဲမှာ စီးဆင်းနေမှာပါ အဖေ…….

2 comments:

Anonymous said...

ကောင်းတယ်ဗျာ...။

Myo Win Zaw said...

ကောင်းတယ် အရမ်းကောင်းပါသည်