Wednesday, July 23, 2008

ကျွန်တော်နှင့် ပုံပြင်များ

ပုံပြင် (၁)

သိကြားမင်း လူ့ပြည်သို့ လာလည်စဉ်ဖြစ်ပါသည်။
သိကြားမင်း။ မာတလိရေ ပျင်းပျင်းရှိတာနဲ့ လူ့ပြည်ကို ဘုရားဖူးခရီး သွားရအောင်ကွာ။ ကားလေးဘာလေးငှား။
မာတလိ။ ဟုတ်ကဲ့ပါ။
ခရီးထွက်ကြပါပြီ -
သိကြားမင်း။ ရှေ့မှာ ကားကိုတားနေတယ်ကွ။ ရပ်ပေးလိုက်အုံး။
တံတားကြေးကောက်သူ။ လမ်းတံတားကြေးပါ။ ( ) ကျပါတယ်။
ခဏကြာ တံတားမှ အဆင်းတွင် -
စည်ပင်ဝန်ထမ်း။ မြို့ဝင်ကြေးပါ။ ( ) ကျပါတယ်။
သိကြားမင်း။ ခုဏလေးတင် ပေးလိုက်ရသေးတယ် လေကွာ။
စည်ပင်ဝန်ထမ်း။ ဟုတ်ကဲ့ ခုဏက ဆောက်လုပ်ရေးက တံတားကြေးကောက်တာပါ။ အခုက ကျွန်တော်တို့ စည်ပင်က မြို့ဝင် ဘီးခွန်ပါ။
သိကြားမင်း။ အော်.. အေး။

သိကြားမင်း။ မာတလိရေ.. ခရီးကဆုံးတောင် မဆုံးသေးဘူး။ လမ်းတံတားကြေးနဲ့တင် တော်တော်ထိနေပြီကွ။
မာတလိ။ ဟုတ်ကဲ့။
ခဏကြာ လမ်းတစ်နေရာအရောက်တွင် -
“ရွှီး”
သိကြားမင်း။ တားပြန်ပြီဟေ့။
ကားဆရာ။ ဒါကတော့ ကညနက တားတာ ဆရာရေ။
သိကြားမင်း။ ဟ.. လမ်းတွေဖြတ်၊ တံတားတွေ ဖြတ်တုန်းက ပေးရတာတော့ ဟုတ်ပါပြီ။ သူတို့ကိုက ဘာလို့ ပေးရမှာလဲကွ။
ကားဆရာ။ မလုပ်ပါနဲ့ဗျာ။ သွားမေးလို့ သူတို့နဲ့ ညှိရင် ကျွန်တော် လိုင်စင်ဝင်တဲ့အခါ ဒုက္ခရောက်လိမ့်မယ်ဗျ။
သိကြားမင်း။ “ဟေ”
သိကြားမင်း။ မာတလိရေ နောက်ဆိုရင်တော့ လူ့ပြည်မှာ လည်ချင်ရင် နတ်ရထားနဲ့ပဲ လည်တော့မယ်ကွာ။

(ပုံပြင်မှပေးသော သင်ခန်းစာ၊ လူ့ပြည်တွင် ခရီးသွားလျှင် လမ်းတံတားကြေး လောက်လောက်ငှငှ ယူဆောင်သွားကြရန်။)

ပုံပြင် (၂)

တခါတုန်းကပေါ့ကွယ်။ မြေခွေးတို့၏ တိုင်းပြည်တွင် မြေခွေးဘုရင်ကြီး အုပ်စိုးစဉ် ဖြစ်ပါသည်။ ထိုတိုင်းပြည်တွင် မြေခွေးများမှာ အရိုးအကျွင်း အကျန်များနှင့် ပတ်သက်ပြီး မကြာခဏပြဿနာ ဖြစ်လေ့ရှိသည်။ ထိုကြောင့် မြေခွေးဘုရင်ကြီးမှ ညီလာခံခေါ်ယူလေသည်။ ထိုမြေခွေးဘုရင်ကြီးမှာ သက်ဦးဆံပိုင် စနစ်ဖြင့် အုပ်ချုပ်သော်လည်း ပါလီမန်ဒီမိုကရေစီ ပုံစံဖြင့် အဆုံးအဖြတ်ပြုလေ့ ရှိပါသည်။ ညီလာခံတွင်-

“အေးတိုင်းပြည်မှာ ဒီလိုမညီမညွတ်နဲ့ ပြဿနာတွေဖြစ်နေတော့ ငါတို့အားလုံးလိုက်နာရမယ့် အခြေခံ ဥပဒေတော့ ရေးဆွဲအုံးမှကွာ”
“ မှန်လှပါဘုရား.. သင့်မြတ်လှပါသည်ဘုရား..”
“အိမ်း.. ဥပဒေရေးရာ ဆိုတော့ကာ ဥပဒေ ကျွမ်းကျင်သူတွေရဲ့ အကူအညီလည်း လိုအပ်တယ်ကွ”
“မှန်လှပါဘုရား”
“အခြေခံဥပဒေဆိုတော့ အားလုံးနဲ့ အကြုံးဝင် အဆင်ပြေအောင်တော့ ရေးဆွဲကြလကွယ်”
“မှန်လှပါဘုရား”
“အချိန်ဘယ်လောက်များယူရမလဲကွယ့်”
“မှန်လှပါ.. အခြေခံဥပဒေဆိုတော့ အရေးကြီးပါတယ်ဘုရား.. အားလုံးသဘောတူ လက်ခံအောင် ရေးဆွဲရမှာဆိုတော့ ၅ နှစ်လောက်တော့ အနည်းဆုံးကြာမယ် ဘုရား”
“ဒါဆိုရင် ငါအသက်က အခု ၉ နှစ်ကျော် ၁၀ နှစ်ထဲမှာ.. ငါတို့မြေခွေးတွေရဲ့ သက်တမ်းက အလွန်ဆုံးနေရမှ ၁၃နှစ် ၁၄ နှစ်လောက်ဆိုတော့ အခြေခံ ဥပဒေ အတည်ပြုပြီးရင် ငါကိုယ်တော် လိုက်နာစရာ မလိုတော့ဘူးပေါ့ကွယ်.. ဥပဒေ မပြီးခင်လေးတော့ ငါကိုယ်တော် လုပ်ချင်တာ လုပ်ခွင့်ရှိသေးသကိုး.. ရေးဆွဲစေကွယ် မင်းကြီးများ”

(ပုံပြင်မှပေးသော သင်ခန်းစာ၊ ဥပဒေရေးဆွဲခြင်းသည် ကြာလေကောင်းလေဖြစ်ပါသည်။)

2 comments:

Anonymous said...

ရှယ်ပဲ... အတွေးက ရေလည်လန်းတယ်ဗျို့။ ဆက်ရေးဗျ ရှုထောင့်စုံကနေပေါ့။

Anonymous said...

good တယ် ဆရာရေ