Tuesday, September 30, 2008

တြိဂံတစ်ခုကို ဖြတ်သန်းခြင်း



အတိတ်
အိပ်မက်အကြီးစားတွေမက်ခဲ့တယ်
မျှော်လင့်ထားသမျှ ဖြစ်လာမယ် ထင်ခဲ့တယ်
ပေါ့ပေါ့ပါးပါးနဲ့ ဘဝကို ဖြတ်သန်းနိုင်မယ်ထင်ခဲ့တယ်
အသေးအမွှားကိစ္စတွေကို အလေးမထားခဲ့ဘူး
ကြီးကြီးမားမား ပြဿနာတွေကို စိတ်ဝင်စားခဲ့တယ်
အတ္တကို ရှေ့တန်းမတင်ဘူးလို့ ကြွေးကြော်ခဲ့တယ်
ငါဟာအတိတ်တုန်းကတော့
လူကောင်းတစ်ယောက်ဖြစ်ချင် ဖြစ်ခဲ့မှာပါ…..

ပစ္စုပ္ပန်
အိပ်မက်တွေကို မမက်ချင်တော့ဘူး လက်တွေ့ဆန်တတ်လာပြီ
မဖြစ်နိုင်တာတွေကို မမျှော်လင့်တော့ဘူး
ဘဝကို လေးလေးနက်နက်ဖြတ်သန်းဖို့ ကြိုးစားနေတယ်
တစ်ခါတစ်ရံမှာ အသေးအမွှားကိစ္စတွေကို ဂရုစိုက်တတ်လာပြီ
ကိုယ်နဲ့မဆိုင်ရင် ပြဿနာဘယ်လောက်ကြီးကြီး စိတ်မဝင်စားတော့ဘူး
အတ္တနဲ့ ပရမျှစေရမယ်ဆိုပြီး ဟန်ဆောင်တတ်လာပြီ
ငါဟာ ပစ္စုပ္ပန်မှာတော့
လူကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားနေရတဲ့ လူတစ်ယောက်ပါ…..

အနာဂတ်
ဖြစ်နိုင်မယ်ဆိုရင်တော့ အိပ်မက်ကောင်းလေးတွေ မက်ခွင့်ရချင်တယ်
မဖြစ်နိုင်ဘူးဆိုတာကို မရှိစေချင်တော့ဘူး
ဘဝကို ဝေဖန်သုံးသပ်နေမယ်ထင်တယ်
အသေးအမွှားကိစ္စလေးတွေကိုလည်း လျစ်လျူမရှုတော့ပါဘူး
ပြဿနာအကြီးစားတွေကိုလည်း လေ့လာဆန်းစစ်မယ်
အတ္တကတော့ ရှိနေအုံးမယ်ထင်တယ်
ငါဟာ အနာဂတ်မှာတော့
လူကောင်းတစ်ယောက် ဖြစ်ချင်တယ်…..

Wednesday, September 24, 2008

ထူးထူးခြားခြား ပစ္စည်းများ


ET ခမျာလည်း တောင်းစားရတဲ့ ဘဝကို ရောက်ရော.......





BIO Technology ဖြင့် တီထွင်ထားသော နည်းပညာမြင့် Mouse အသစ် လာပါပြီ...



Shit ကီး အသစ်ပါလာသော နောက်ဆုံးပေါ် ကီးဘုတ် အသစ်.....



သင့်အခက်အခဲတွေ ပြေလည်သွားအောင် ဒီလိုမျိုး ကီးဘုတ် ပြောင်းသုံးကြည့်ပါလား



ကော်ဖီဖျော်စက်ပါ တွဲပါသေးသတဲ့လေ...........



Heat တက်နေလို့ အအေး သောက်နေရတယ်ဗျာ.....



ဒီကီးဘုတ်သာ ပြောင်းသုံးလိုက် Format ချဖို့လွယ်ကူသွားလိမ့်မယ်.....

တစ်ခြားထူးထူးခြားခြားလေးတွေ ကြည့်ချင်သေးရင်တော့ ဒီမှာသာ ဆက်ကြည့်ကြတော့.....

Tuesday, September 16, 2008

အချစ်



လေပြေတွေကစားနေတဲ့ ညနေတစ်ခုမှာ
အချစ်ဟာ င့ါရှေ့က ဖြတ်ပြေးသွားခဲ့တယ်
အဲ့ဒီအချိန်မှာ
ကမ္ဘာဟာ မလည်တော့ဘူး
ကြယ်တွေတောင် အရောင်မှိန်ကုန်တယ်
ကောင်းကင်ကြီးလည်း ပြာယာခတ်သွားတယ်
င့ါရင်ခုန်သံတွေ ရပ်တန့်သွားတယ်။


အဲ့ဒီနောက်ပိုင်းမှာ
ကမ္ဘာကြီးဟာ ပိုပြီးစိုပြည်လာတယ်
ကြယ်တွေဟာ အရင်ကထက် လင်းလက်လာသလိုပဲ
ကောင်းကင်ကြီးဟာ အရောင်စုံတွေနဲ့ လှလာတယ်
င့ါရင်ခုန်သံတွေဟာ နရီစည်းချက်တွေနဲ့
ဟာမိုနီမိနေလေရဲ့။

အရာအားလုံးဟာ
အချစ်ကြောင့်ပဲ ပြောင်းလဲသွားတယ်
အချစ်ကြောင့်ပဲ လှပလာတယ်
အချစ်ကြောင့်ပဲ ပိုမိုစိုပြေလာတယ်
အချစ်ကြောင့်ပဲ အဓိပ္ပာယ်တွေပြည့်စုံလာတယ်။

ငါဟာ အချစ်ကို ရှာဖွေဖို့
ဘာကြောင့်များ နှောင့်နှေးနေရတာလဲ ?
အချစ်ဆိုတာက သူ့အချိန်ကျမှ
အမှတ်တမဲ့နဲ့ ဝင်ရောက်လာတတ်တာလား ?

င့ါဆီကို ရောက်လာဖို့ရှိရင်တော့
ငါသိနိုင်အောင် တစ်နည်းနည်းနဲ့
အကြောင်းကြားပြီးမှ ဝင်ခဲ့ပါကွာ။

Thursday, September 11, 2008

၁ ဒေါ်လာ ဘယ်ရောက်သွားလဲ



သူငယ်ချင်း (၃) ယောက် စားသောက်ဆိုင်တွင် အတူတူ နေ့လည်စာ စားကြလေသည်။ စားသောက်ပြီးနောက် ဘီ(လ်)တောင်းလိုက်ရာ ၂၅ ဒေါ်လာ ကျလေသည်။ ငွေရှင်းသောအခါ သူငယ်ချင်း တစ်ဦးလျှင် ၁၀ ဒေါ်လာစီဖြင့် ဒေါ်လာ ၃၀ ပေးလိုက်သည်။ ထို့ကြောင့် ငွေကိုင်မှ ၅ ဒေါ်လာ စားပွဲထိုးသို့ ပြန်အမ်းပါသည်။ စာပွဲထိုးကလည်း လူသုံးဦးအား ၅ ဒေါ်လာ အညီအမျှ မခွဲနိုင်သည့် အတွက် တစ်ယောက်လျှင် ၁ ဒေါ်လာ ပြန်အမ်းပြီး ကျန် ၂ ဒေါ်လာကို သူ့မုန့်ဖိုးအဖြစ် ယူလိုက်ပါသည်။ တွက်ကြည့် ကြရအောင်။

တစ်ဦးလျှင် ၁၀ ဒေါ်လာပေးပြီး ၁ ဒေါ်လာ ပြန်ရပါသည်။
ထို့ကြောင့် တစ်ဦးစီပေးငွေ (၁၀-၁) = ၉ ဒေါ်လာ

သူငယ်ချင်း (၃) ယောက် ဖြစ်သည့်အတွက်
သုံးယောက်ပေါင်းပေးငွေမှာ (၉ x ၃) = ၂၇ ဒေါ်လာ

သုံးယောက်ပေါင်းပေးငွေ + စားပွဲထိုးမုန့်ဖိုး (၂၇ + ၂) = ၂၉ ဒေါ်လာ

သို့ဆိုလျှင် စုစုပေါင်း ကုန်ကျငွေမှာ ၂၉ ဒေါ်လာ ဖြစ်နေပါသည်။ ၁ ဒေါ်လာ မည်သို့ပျောက်သွားသနည်း ?


အဖြေ

တစ်ဦးလျှင် ၁၀ ဒေါ်လာစီ ပေးသည့်အတွက် စုစုပေါင်းပေးငွေမှာ ဒေါ်လာ ၃၀ ဖြစ်ပါသည်။
ငွေကိုင်မှ ၅ ဒေါ်လာ ပြန်အမ်းသည့်အတွက် သုံးယောက်ပေါင်း ကုန်ကျငွေမှာ ၂၅ ဒေါ်လာ ဖြစ်ပြီး စားပွဲထိုး၏ လက်တွင် ၅ ဒေါ်လာ စုစုပေါင်း ဒေါ်လာ ၃၀ ဖြစ်ပါသည်။

စားပွဲထိုးမှ ၃ ဒေါ်လာ ပြန်အမ်းသည့်အခါ သူငယ်ချင်း သုံးယောက်ပေါင်း ကုန်ကျငွေ ၂၅ ဒေါ်လာ + စားပွဲထိုး မုန့်ဖိုး ၂ ဒေါ်လာ = ၂၇ ဒေါ်လာ ။ ထို့ကြောင့် တစ်ဦးလျှင် ပေးငွေ ၉ ဒေါ်လာ ဖြစ်ပါသည်။ ပြန်ရငွေ ၁ ဒေါ်လာစီ ပြန်ပေါင်းလျှင် တစ်ဦး ၁၀ ဒေါ်လာ သုံးဦးပေါင်း ဒေါ်လာ ၃၀ ဖြစ်ပါသည်။ မည်သို့မျှမပျောက်ပါ။

ဤပုစ္ဆာတွင် လျှို့ဝှက်ချက်မှာ တစ်ဦးစီ အမှန်တကယ် ပေးငွေမှာ ၉ ဒေါ်လာ ဖြစ်ပါသည်။ ထိုကြောင့် သုံးယောက်ပေါင်း ပေးငွေမှာ ၂၇ ဒေါ်လာ = ကုန်ကျငွေ ၂၅ ဒေါ်လာ + စားပွဲထိုးမုန့်ဖိုး ၂ဒေါ်လာ ဖြစ်ပါသည်။ ထိုငွေထဲတွင် စားပွဲထိုး၏ မုန့်ဖိုးကို ထည့်ပေါင်း လိုက်သည့် အတွက်သာ တစ်ဒေါ်လာပျောက်သွားခြင်း ဖြစ်ပါသည်။

(ဤပုစ္ဆာသည် စာရင်းလိမ်ခြင်းအတွက် သင်ခန်းစာကောင်းဖြစ်ပါသည်။ ဤကား စကားချပ်။)

Wednesday, September 10, 2008

အဖြူအမည်း ဦးထုပ် (၅) လုံး ပဟေဠိ



လူသားစားသော လူရိုင်းများသည် အမဲလိုက်ထွက်လာသည့် လူ (၃) ယောက်အား ဖမ်းဆီးရမိလေသည်။ ထိုလူ (၃) ဦးအား လူရိုင်းများက လွတ်မြောက်ခွင့် ရရှိရန်အတွက် အခွင့်အရေးတစ်ခု ပေးထားလေသည်။

ယင်းအခွင့်အရေးမှာ ထိုလူ (၃) ဦးအား အရပ်အမြင့်အလိုက် တန်းစီပြီး သပ်ရိုက်ကာ ကြိုးချည်ထား ပါသည်။ နောက်ဆုံးမှ လူမှာ ကျန်သူငယ်ချင်း နှစ်ယောက်၏ နောက်ကျောကို မြင်နေရပြီး အလယ်မှလူမှာ ရှေ့ဆုံးမှလူ၏ ကျောကိုသာ မြင်ရမည်ဖြစ်ပြီး ရှေ့ဆုံးမှ လူမှာ မည်သူ့ကိုမျှ မြင်ရမည် မဟုတ်ပါ။ ပြီးနောက် လူရိုင်းများသည် ၄င်းတို့ (၃) ဦးအား ဦးထုပ် (၅) လုံးကို ပြပါသည်။ သုံးလုံးမှာ အနက်ရောင် ဖြစ်ပြီး ကျန်နှစ်လုံးမှာ အဖြူရောင် ဖြစ်ပါသည်။

ထို့နောက် သုံးဦးစလုံး၏ မျက်လုံးများကို အဝတ်ဖြင့် စည်းနှောင်ပြီး ဦးထုပ်တစ်လုံးစီ ဆောင်းပေးလိုက် ပါသည်။ ကျန်ဦးထုပ် နှစ်လုံးအား ဖွက်ထားပြီး စည်းထားသော အဝတ်များကို ပြန်ဖယ်ပေးပါသည်။ ပြီးနောက် ၄င်းတို့ (၃) ဦးအနက်မှ တစ်ယောက် ယောက်သည် သူဆောင်းထားသော ဦးထုပ်အရောင်ကို မှန်ကန်စွာ ပြောပြနိုင်လျှင် အားလုံးလွှတ်ပေးမည် ဟု လူရိုင်းများမှ ပြောလိုက်ပါသည်။

ရှေ့မှ နှစ်ယောက်စလုံးကို မြင်နိုင်သော နောက်ဆုံးမှလူသည် "မသိပါ" ဟုဖြေပါသည်။ ရှေ့ဆုံးမှ လူကို မြင်နိုင်သော အလယ်လူကလည်း "မသိပါ" ဟုဖြေပါသည်။ ဘယ်သူ့ကိုမှ မမြင်ရသည် ရှေ့ဆုံးမှလူက "သူသိတယ်" ဟုဖြေပါသည်။

သူဘယ်လိုသိသွားပါလိမ့် ? သူဆောင်းထားတဲ့ ဦးထုပ်က ဘာအရောင်များ ဖြစ်မလဲ? စဉ်းစားကြည့်ပါ။ အဖြေကို သိချင်ရင်တော့ ဖွင့်သာဖတ်ကြည့်………..


အဖြေ

ရှေ့ဆုံးမှလူ (နောက်ဆုံး အဖြေပေးသူ) သည် သူဆောင်းထားသော ဦးထုပ် အနက်ရောင် ဖြစ်ကြောင်း တွက်ဆမိပါသည်။ ဘယ်လို သိလဲဆိုတော့ ပထမဆုံးဖြေသူ (နောက်ဆုံးတွင် ရပ်နေသောသူ) မှာ အဖြူရောင် ဦးထုပ်နှစ်လုံးကို မတွေ့ဘူးဆိုသည်ကို သူတွက်မိပါသည်။ ဒုတိယလူ (အလယ်လူ) မှာလည်း အဖြူရောင် ဦးထုပ်တစ်လုံးကို မတွေ့သည်မှာ သေချာပါသည်။ အကယ်၍ သူသာ အဖြူရောင် ဦးထုပ်တစ်လုံးကို မြင်လျှင် ပထမလူ၏ အဖြေကို မူတည်ပြီး သူ၏ ဦးထုပ် အနက်ရောင် ဖြစ်မှန်း သိနိုင်ပါသည်။

ဒီလိုဖြစ်ပါသည်။ ပထမလူမှာ အဖြူရောင် ဦးထုပ်နှစ်လုံးမြင်လျှင် သူ၏ ဦးထုပ် အနက်ရောင် ဖြစ်မှန်းသိနိုင်ပါသည်။ ထို့အတူ ဒုတိယလူမှာလည်း အဖြူရောင် ဦးထုပ်တစ်လုံးမြင်လျှင် ပထမလူမှ မသိဟုဖြေသည့်အတွက် သူနှင့် သူ့ရှေ့ကလူသည် ဦးထုပ်အရောင် မတူမှန်း သိနိုင်ပါသည်။ သို့ဖြစ်လျှင် သူက ၄င်း၏ ဦးထုပ်မှာ အနက်ရောင်ဖြစ်ကြောင်း ပြောနိုင်ပါမည်။ ယခု ၄င်းတို့နှစ်ဦးစလုံး အဖြေကို ပြောနိုင်ခြင်းမရှိသဖြင့် ရှေ့ဆုံးမှလူ (နောက်ဆုံး အဖြေပေးသူ) သည် သူဆောင်းထားသည်မှာ အနက်ရောင်ဦးထုပ်ဖြစ်ကြောင်း သိသာသွားပါသည်။

Sunday, September 7, 2008

နာဂစ်အလွန် ခရီးစဉ်တစ်ခု

အကြောင်းတိုက်ဆိုင်၍ ဒေးဒရဲနှင့် မော်လမြိုင်ကျွန်း ဒေသများသို့ ခရီးထွက်ခွာခဲ့ရပါသည်။ ဒေးဒရဲသို့ သွားရောက်ခဲ့ရာတွင် လေးစားစရာ မြင်ကွင်းလေးများ တွေ့ခဲ့ရပါသည်။ ဒေးဒရဲမှ မိနစ်၂၀ ခန့်ကားစီးသွားရပြီး မော်တော်ဖြင့် ၁၅ မိနစ်ခန့်သွားရသော မိကျောင်းအိုင် ရွာကလေးတွင်ဖြစ်ပါသည်။ ယာယီတဲကျောင်းလေးတွင် ပညာသင်ကြားနေကြသော ကျောင်းသားလေးများမှာ တက်ကြွနေကြပါသည်။ မုန်တိုင်းနှင့် ကြုံခဲ့ရသော်လည်း မြန်မာလူမျိုး တောသူတောင်သားတို့၏ ပူပင်ကင်းမှု၊ ရောင့်ရဲတင်းတိမ်တတ်မှုတို့မှာ အတုယူစရာပင်။ ပို၍လေးစားမိသည်မှာ ထိုသို့ခက်ခက်ခဲခဲသွားရသော ရွာကျောင်းလေးများတွင် ကလေးငယ်များအား ပညာသင်ကြားပေးနေကြသော ဆရာ/ဆရာမများကို ဖြစ်ပါသည်။

ယနေ့ခေတ်တွင် ကျွန်တော်တို့လူငယ်အများစုသည် ပညာသင်ကြားရန်၊ ပိုမိုကောင်းမွန်သော အလုပ်အကိုင်ရရှိရန် စသည့်ရည်ရွယ်ချက်များဖြင့် နိုင်ငံရပ်ခြားသို့ ထွက်ခွာနေကြချိန်ဖြစ်ပါသည်။ ထိုအချိန်မျိုးတွင် ယခုကဲ့သို့ နာ (၃) နာနှင့်ပြည့်စုံသော ဆရာ/ဆရာမများ ရှိနေသေးသည်ကို တွေ့ရသည့်အခါ မိတ်ဆွေသင်စဉ်းစားကြည့်ပါ။ ကိုယ့်ကိုကိုယ် သုံးသပ်ကြည့်မိသောအခါ သူတို့လောက် ဘာမှပေးဆပ်နိုင်သည်ကို သတိပြုမိပါသည်။ ကျွန်တော်တို့အများစုက ကိုယ်လွတ်ရုံး၍ နိုင်ငံရပ်ခြားသို့ သွားရောက်ရန် ကြိုးစားနေကြချိန်တွင် ငွေကြေးအရသော်လည်းကောင်း၊ အခြားကျွန်တော်တို့ ရှာဖွေနေသော အရာများ အရသော်လည်းကောင်း ဘာမျှမရနိုင်သည်ကို သိလျက်နှင့် ဘဝတစ်ခုလုံးမြှုပ်နှံထားသည်ကို တွေ့ရသောအခါ ဝမ်းနည်းဝမ်းသာဖြစ်မိပါသည်။ ကျွန်တော်သည် သူတို့လိုပေးဆပ်နိုင်ခြင်းမရှိသည်ကို ဝမ်းနည်းမိပါသည်။ သို့သော် သူတို့ယခုလိုပေးဆပ်နေသည်ကို မြင်ရသည့်အခါ ကျေးလက်နေ ကလေးများအတွက် ဝမ်းသာမိပါသည်။


သူတို့၏စိတ်ဓါတ်သည် မြို့ကြီးပြကြီးများရှိ နာမည်ကြီးကျောင်းများတွင် စာသင်ခွင့်ရရှိရန် ကြိုးစားနေကြသော ဆရာ/ဆရာမများထက် အများကြီးမြင့်မြတ်သည်ဟု ဆိုချင်ပါသည်။ အခြားဆရာ/ဆရာမများကို စော်ကားလိုခြင်း မဟုတ်ပါ။ နှိုင်းယှဉ်ကြည့်မှသာ အရာရာသည် ပေါ်လွင်ထင်ရှားနိုင်သည့်အတွက် နှိုင်းယှဉ်ကြည့်ခြင်း ဖြစ်ပါသည်။

အဆင်မပြေမှုများစပါပြီ

ဒေးဒရဲတွင် ညအိပ်ရပ်နားပြီး နောက်တစ်နေ့မှာ ရန်ကုန်ပြန်မည်ဆိုသော အစီအစဉ်မှာ တည်းခိုရန်နေရာ အခက်အခဲကြောင့် ရန်ကုန်သို့ နေ့ချင်းပြန်ခဲ့ရပါသည်။ ဒေးဒရဲခရီးစဉ်မှ အဆင်မပြေမှုမှာ မော်လမြိုင်ကျွန်း ခရီးစဉ်သို့ပင် ဆက်သွားခဲ့ပါသည်။ မော်လမြိုင်ကျွန်း အနီးအနားရွာများသို့ ရောက်ရှိခဲ့ပါသည်။ မြစ်ဝကျွန်းပေါ်ဒေသ၏ ပထဝီအနေအထားအရပင် မြစ်များချောင်းများ အလွန်ပေါများသည့်အတွက် ရွာများမှာ ကျွန်းများပေါ်တွင် တည်ရှိနေပါသည်။ ကျွန်းတစ်ကျွန်းတွင် ရွာလေးငါးရွာခန့် တည်ရှိနေပါသည်။ ထိုရွာများသို့ သွားရောက်လည်ပတ်ပြီး ကြည်လင်နေသော စိတ်အစဉ်သည် တည်းခိုခန်းသို့ ရောက်သောအခါ အနှောင့်အယှက် ဖြစ်သွားခဲ့ရပါသည်။

ရန်ကုန်မှ မထွက်ခွာမှီကပင် တည်းခိုခန်းများကို Booking ကြိုတင်လုပ်ထားခဲ့ပါသည်။ သို့သော် ရောက်ရှိချိန်တွင် အခန်းမရရှိသေးပေ။ ကျွန်တော်တို့မှာလည်း ရွာများသို့ သွားရောက်မည် ဖြစ်သည့်အတွက် ညနေပြန်လာချိန်တွင်တော့ အဆင်ပြေမည်ဟု ယူဆပြီးထွက်သွားခဲ့ကြသည်။ ညနေပြန်လာသောအခါ လိုအပ်သော အခန်းအရေအတွက်တွင် တစ်ခန်းမှာ မအားမလပ်ဖြစ်နေသည်။ ပြေလည်အောင် ဆောင်ရွက်ပေးနိုင်ခြင်းလည်း မရှိပေ။ မန်နေဂျာမှာ သူ၏တပည့်မှ အခန်းမှားပေးလိုက်၍ ယခုလိုဖြစ်ရကြောင်း တပည့်ကိုလွှဲချ၍ သူ့တွင်တာဝန်မရှိသလို လုပ်နေသည်။ ပြေပြေလည်လည် ပြောဆိုခြင်းလည်းမရှိ။ နောက်ဆုံးအချိန်မှာလည်း ည(၈း၃၀) ကျော်လာပြီ ကျွန်တော်တို့မှာလည်း အိပ်ချင်လာသည့်အတွက် ဖြစ်သည့်နည်းနှင့် ဖြေရှင်းပေးပါ။ မရလျှင် ပြဿနာရှာမည်ဆိုမှ အခြားသူတစ်ဦး Booking လုပ်ထားသည့် အခန်းကိုပေးပါသည်။ သို့သော် ကောင်းကောင်းမွန်မွန်ပေးခြင်း မဟုတ်။ မနက်စောစော အခန်းပြန်အပ်ရန် ပြောလိုက်သေးသည်။ ကောင်းလိုက်ပုံများ။ သူ့ကမှားယွင်းသော်လည်း ကိုယ်ကပင်သူ့ကိုပြန်၍ ကျေးဇူးတင်ရမည့်ပုံပင်။ စီးပွားရေး မလုပ်တတ်ပုံ ဖြစ်ပါသည်။ ထိုတည်းခိုခန်းသည် မော်လမြိုင်ကျွန်းတွင် လူသိများသော တည်းခိုခန်းဖြစ်ပါသည်။ ယခုအချိန်တွင် နိုင်ငံခြားသားများလည်း တည်းခိုနေကြသော တည်းခိုခန်းဖြစ်ပါသည်။ အားနာသဖြင့် တည်းခိုခန်းအမည်ကို မဖော်ပြတော့ပါ။

Sunday, August 31, 2008

သူငယ်ချင်းများသို့ (အမှတ်တရ)



ဟင်းလင်းပြင်ထဲက အစက်အပြောက်ကလေးတွေများစွာကြားထဲမှာ
မင်းတို့နဲ့ ငါ အမှတ်တမဲ့ ဆုံခဲ့ကြတယ်
အမှုမဲ့အမှတ်မဲ့ ပျော်ခဲ့ကြတယ်
ဘာမှမဟုတ်ပဲလဲ သဘောထားကွဲလွဲခဲ့ကြတယ်
ရယ်ရယ်မောမောနဲ့ ဘဝတွေကို တူတူဖြတ်သန်းခဲ့ကြတယ်
မကျေမနပ်နဲ့လည်း တစ်ယောက်ကိုတစ်ယောက် ဝေဖန်ဖူးကြတယ်
ဘာပဲပြောပြော နောက်ဆုံးတော့
မသိသလိုနဲ့ ဝေးသွားခဲ့ကြပြန်တယ်.....


ဒီအချိန်မှာတော့
ဘဝတွေထဲမှာ သောကတွေနဲ့စီးမြောရင်း
တစ်ခါတစ်လေ သတိရမိတယ်
အကြောင်းတိုက်ဆိုင်လို့ပဲဖြစ်ဖြစ်
အကူအညီလိုလို့ပဲဖြစ်ဖြစ်
မင်းတို့ကို ငါကသတိရမိသလို
ငါ့ကိုလည်းမင်းတို့သတိရနေမှာပါ.....

မင်းတို့တစ်တွေက အရောင်တွေပြောင်းသွားသလို
ငါကလည်း အတောင်တွေညောင်းသွားခဲ့ပြီ
ဟိုးအရင်တုန်းကလို
မင်းတို့အတွက်ငါကလည်းအချိန်မပေးနိုင်တော့ဘူး
မင်းတို့ကလည်းငါ့အတွက် အချိန်ကုန်မခံနိုင်တော့ဘူး
ခွင့်လွှတ်ပါသူငယ်ချင်း
ဘာတွေပဲဖြစ်နေပါစေ ငါမေ့လို့မရတာကတော့
မင်းတို့ဟာင့ါရဲ့သူငယ်ချင်းတွေပါ.....

Friday, August 22, 2008

မြန်မာဘလော့ဂါများ၏ ချစ်စရာ ဓလေ့

MBS ဆိုတဲ့ မြန်မာဘလော့ဂါ ရပ်ဝန်းမှာ Debate လုပ်တဲ့ ဖိုရမ်လေးတင်ထားခဲ့တာ.. အဲ့ဒီမှာ သူငယ်ချင်းတွေ ငြင်းကြ ဆွေးနွေးကြတာကို ကျွန်တော့ ဘလော့မှာ ပြန်ပြီး အမှတ်တရ တင်ထားတာပါ။ ဒီကနေစတာဗျ .. ငြင်းကြခုန်ကြတာက…

သင်ကောင်းလျှင်ကျွန်ုပ် မဆိုးပါ စဉ်းစားကြည့်မိတယ်.. သင်ကောင်းလျှင်ကျွန်ုပ် မဆိုးပါ ဆိုတော့ သင်ဆိုးလျှင် ကျွန်ုပ်မကောင်းဘူးပေါ့... မိတ်ဆွေသင်ကော အဲ့ဒီလိုလူမျိုးလား?
ကျွန်ုပ်ကတော့ သင့်ဘာသာဆိုးဆိုး ကောင်းကောင်း ကျွန်ုပ်ဘက်က ကောင်းနေဖို့ပဲ လိုတယ်လို့ စဉ်းစားထားတယ်... ငြင်းကြည့်ပေါ့...

Reply by မစ်(စ်)သွန်းသွန်း 21 hours ago
အဟဲ .. ငြင်းကြည့်ဆိုလို့ ငြင်းကြည့်ပြီနော် ။ သွန်း အမြင်တော့ အရာရာတိုင်းမှာ Newton's Law တော့ရှိလိမ့်မယ် ။ Action & Reaction ဆိုတဲ့ အတိုင်း ကိုယ့်အပေါ်ကို တစ်ခုခုလာသက်ရောက်ရင် ကိုယ်လည်းတစ်ခုခုတော့ ပြန်သက်ရောက်မိမှာပေါ့ ။ သဘောထားသေးသိမ်တယ်ပဲဆိုဆို တူညီတဲ့ တုံ့ပြန်မှုတစ်ခုတော့ ပြုမိလိမ့်မယ်ထင်တယ် ။

Reply by koawlan 21 hours ago
အငဲကြီး ကတော့ သင်ဆိုးချင်သလောက်ဆိုးပါ။ ကျွန်တော်တတ်နိုင်သလောက်ကောင်းပါမည် လို့တော့ ပြောဖူးတာပဲ။ သူ့ရဲ့ကိုယ်ပိုင်စကား ဟုတ် မဟုတ်တော့ မသိဘူး။ ဒီစကားကို ကြိုက်ပြီး ကျင့်လာတာတော့ ကြာပြီ။
ကောင်းတာ ဆိုးတာကတော့ ကိုယ်ပိုင်ပေတံနဲ့ လောကပေတံ ၂ချောင်းကို သုံးပြီးတိုင်းတယ်။


Reply by kogyiTun 21 hours ago
Try to become a pro-active person rather than a reactive person.



Reply by moehmaung 21 hours ago
သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိတယ်ပေါ့။ ဒါဆိုရင် သွန်းသွန်းက သင်ဆိုးရင် ကျွန်ုပ်ဆိုးမယ်ပေါ့။ အဲ့လို ဆန့်ကျင်ဘက်သမားနဲ့မှ ငြင်းလို့ကောင်းမှာ။ သွန်းသွန်းက သင်မကောင်းရင် ကျွန်ုပ် မကောင်းနိုင်ဘူးဆိုတော့ ခန္ဓီ(သည်းခံခြင်း) ဆိုတဲ့ တရားက အရောင်မှိန်သွားပြီပေါ့။ အဲ့ဒီမူအတိုင်းဆိုရင် မင်္ဂလသုတ်မှာ ဗုဒ္ဓဟောထားတဲ့ ခန္ဓီစ (သည်းခံခြင်းသည် မင်္ဂလာတစ်ပါး) ဆိုတာကို ဆန့်ကျင်တယ်ပေါ့။
(မစ်(စ်)သွန်းသွန်း said:
အဟဲ .. ငြင်းကြည့်ဆိုလို့ ငြင်းကြည့်ပြီနော် ။ သွန်း အမြင်တော့ အရာရာတိုင်းမှာ Newton's Law တော့ရှိလိမ့်မယ် ။ Action & Reaction ဆိုတဲ့ အတိုင်း ကိုယ့်အပေါ်ကို တစ်ခုခုလာသက်ရောက်ရင် ကိုယ်လည်းတစ်ခုခုတော့ ပြန်သက်ရောက်မိမှာပေါ့ ။ သဘောထားသေးသိမ်တယ်ပဲဆိုဆို တူညီတဲ့ တုံ့ပြန်မှုတစ်ခုတော့ ပြုမိလိမ့်မယ်ထင်တယ် ။)

Reply by moehmaung 21 hours ago
အင်း ကိုယ့်ပေတံနဲ့ကိုတော့ လူတိုင်း ဆယ့်နှစ်လက်မ ပြည့်တာ ချည်းပဲပေါ့လေ။ ဒါပေမယ့် ခြောက်လက်မပေတံတို့ ဆယ့်ရှစ်လက်မပေတံတို့ ရှိနေသေးသကိုး။ တတ်နိုင်သလောက် ကောင်းအောင် ကြိုးစားမယ့် လူဆိုတော့ အမြင်တူနေတယ် ငြင်းလို့ကောင်းမှာ မဟုတ်ဘူး။
(koawlan said:
အငဲကြီး ကတော့ သင်ဆိုးချင်သလောက်ဆိုးပါ။ ကျွန်တော်တတ်နိုင်သလောက်ကောင်းပါမည် လို့တော့ ပြောဖူးတာပဲ။ သူ့ရဲ့ကိုယ်ပိုင်စကား ဟုတ် မဟုတ်တော့ မသိဘူး။ ဒီစကားကို ကြိုက်ပြီး ကျင့်လာတာတော့ ကြာပြီ။
ကောင်းတာ ဆိုးတာကတော့ ကိုယ်ပိုင်ပေတံနဲ့ လောကပေတံ ၂ချောင်းကို သုံးပြီးတိုင်းတယ်။)

Reply by မစ်(စ်)သွန်းသွန်း 21 hours ago
အဟဲ.. ဒါဆို ကိုမိုးမှောင်ကြီးကို သွန်းသွန်းက လက်သီးနဲ့တစ်ချက်လောက် ခွပ်ခနဲထိုးလိုက်ရင် ခန္တီစ ပဲလားရှင် ။ ကိုမိုးမှောင်ကြီးက မိန်းကလေးမို့ပြန်မထိုးရင်တောင် စကားအရာနဲ့ တစ်ခုခုတော့ တုံ့ပြန်မှာပဲ ဟုတ်ဘူးလား ။ (အဲ .. ကျွန်တော်က သွန်းသွန်းကို နမ်းမယ်ဆိုရင် သွန်းသွန်းကပြန်နမ်းမှာပဲလားလို့တော့ မကပ်ရဘူးနော် .. ဟွန်း) :P
(moehmaung said:
သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိတယ်ပေါ့။ ဒါဆိုရင် သွန်းသွန်းက သင်ဆိုးရင် ကျွန်ုပ်ဆိုးမယ်ပေါ့။ အဲ့လို ဆန့်ကျင်ဘက်သမားနဲ့မှ ငြင်းလို့ကောင်းမှာ။ သွန်းသွန်းက သင်မကောင်းရင် ကျွန်ုပ် မကောင်းနိုင်ဘူးဆိုတော့ ခန္ဓီ(သည်းခံခြင်း) ဆိုတဲ့ တရားက အရောင်မှိန်သွားပြီပေါ့။ အဲ့ဒီမူအတိုင်းဆိုရင် မင်္ဂလသုတ်မှာ ဗုဒ္ဓဟောထားတဲ့ ခန္ဓီစ (သည်းခံခြင်းသည် မင်္ဂလာတစ်ပါး) ဆိုတာကို ဆန့်ကျင်တယ်ပေါ့။)

Reply by exiter 20 hours ago
ကိုမိုးမှောင်ကြီး ဘယ်လိုပြန်ဖြေမှာလဲဆိုတာ ပရိသတ်ဖြစ်တဲ့ ကျွန်တော်တို့ သိချင်နေပါတယ်။
မြန်မြန်ဖြေဗျို့။

Reply by koawlan 20 hours ago
ကျွန်တော်နဲ့ ကိုမိုးမှောင်ကြီးက တူသယောင်ယောင်နဲ့ မတူလောက်ဘူးလို့ထင်ပါတယ်။
သည်းမခံနိုင်လောက်တဲ့အထိ၊ မတတ်နိုင်လောက်တဲ့အထိ ဆိုးလာရင်တော့ ကိုမိုးကြီးက ဘယ်လိုတုံန်ပြန်မလဲ မသိပေမယ့် ကျွန်တော်ကတော့ ပေါက်ကွဲမှုနဲ့ တုန့်ပြန်မိပါတယ်။
ရှေ့မှာကသည်းခံခဲ့ရတာပါ အတိုးချပြီး သူများထက်တောင် အတိုးချပြီး ပေါက်ကွဲမိပါသေးတယ်။
ဆိုလိုတာက သည်းခံကြတဲ့အခါ ဘယ်လိုမျိုးသည်းခံမလဲ ဆိုတာက ရှိတယ်လေ။
သူတော်ကောင်းတွေကျတော့ မေတာစိတ်နဲ့ သြော်.. သူဆိုးရှာတယ်။သူ..မိုက်ရှာတယ်ပေါ့။
ကျွန်တော်လို ရိုးရိုးသာမာန်လူကတော့... ဟာ..ဒီကောင်က ခွေးထက်မိုက်တယ်။ ရှောင်မှ..။ဟာ..သူက ငါ့နဲ့အဆင့်အတန်းမတူဘူး... စသဖြင့် ကိုယ်ကိုကိုယ် လယ်ဗယ်မြှင့်ပြီး သည်းခံတာလေ။
သူတော်ကောင်းစိတ်နဲ့ မဟုတ်တော့ကျတော့ ပေတံဆုံးသွားပြီဆိုရင် ဘယ်လိုတုန့်ပြန်မလဲ ဆိုတဲ့ အဖြေပါပေးမှ ငြင်းရတာ ပိုပြီး စိတ်ဝင်စားစရာ ကောင်းမယ်လို့ ထင်ပါတယ်။
ကျွန်တော်ကတော့ ပေတံဆုံးတဲ့အထိ ကြုံလာတဲ့အခါ သူငယ်ချင်းတွေကတောင် အံ့သြလောက်တဲ့အထိ ပြန်တုံ့ပြန်တဲ့သူမျိုးပါ။ ဒီတော့ သူတော်ကောင်းစိတ်နဲ့ သည်းခံတာမဟုတ်ပဲ.. ပြီးသွားရင် အေးတာပဲဆိုတဲ့ စိတ်နဲ့ ကျွန်တော်ကောင်းနှိင်သလောက် ပြန်ကောင်းတတ်တဲ့ သူမျိုးပါ ခင်ဗျား ။။။။။။
(moehmaung said:
အင်း ကိုယ့်ပေတံနဲ့ကိုတော့ လူတိုင်း ဆယ့်နှစ်လက်မ ပြည့်တာ ချည်းပဲပေါ့လေ။ ဒါပေမယ့် ခြောက်လက်မပေတံတို့ ဆယ့်ရှစ်လက်မပေတံတို့ ရှိနေသေးသကိုး။ တတ်နိုင်သလောက် ကောင်းအောင် ကြိုးစားမယ့် လူဆိုတော့ အမြင်တူနေတယ် ငြင်းလို့ကောင်းမှာ မဟုတ်ဘူး။)

Reply by moehmaung 20 hours ago
ဟုတ်ပါတယ် .. သွန်းသွန်းပြောတာလဲ.. ဒါပေမယ့် ကျွန်တော်ဆိုလိုတာက အဲ့ဒီလိုလက်ရုံးရည်အားကိုးနဲ့ ရန်ဖြစ်တာကို ဆိုလိုတာမဟုတ်ဘူးလေ... အဲ့လိုရန်ဖြစ်နေချိန်မှာတော့ ကိုယ်ကဦးအောင်ဆော်မှာပေါ့..ကိုယ့်အပေါ်ကောင်းတယ် မကောင်းဘူးဆိုတာက လူမှုဆက်ဆံရေး ကိစ္စကို ဆိုလိုတာပါ.. ပေါင်းသင်းဆက်ဆံရေး ကိစ္စမှာ ကိုယ့်အပေါ်မကောင်းတဲ့သူ (အကောက်ကြံတယ်၊ ကိုယ့်ကို ဒုက္ခပေးတယ် စသည်ဖြင့်ပေါ့) ကို သည်းခံတာပြောတာပါ။ သွန်းသွန်းပြောသလိုတော့ မကပ်ပါဘူး။ (ကျွန်တော်က သွန်းသွန်းပြောသလိုမျိုး လုပ်ခဲ့ရင်ရော သွန်းသွန်းက စိတ်ဆတ်တဲ့သူ၊ သည်းမခံတတ်တဲ့သူ၊ တန်ပြန်သက်ရောက်မှုပြုတတ်သူလို့ ဆိုထားတော့ တကယ်များ ကျွန်တော့်ကို လက်တုံပြန်မှာလား.. သိချင်လိုက်တာ..ဟိဟိ)
(မစ်(စ်)သွန်းသွန်း said:
အဟဲ.. ဒါဆို ကိုမိုးမှောင်ကြီးကို သွန်းသွန်းက လက်သီးနဲ့တစ်ချက်လောက် ခွပ်ခနဲထိုးလိုက်ရင် ခန္တီစ ပဲလားရှင် ။ ကိုမိုးမှောင်ကြီးက မိန်းကလေးမို့ပြန်မထိုးရင်တောင် စကားအရာနဲ့ တစ်ခုခုတော့ တုံ့ပြန်မှာပဲ ဟုတ်ဘူးလား ။ (အဲ .. ကျွန်တော်က သွန်းသွန်းကို နမ်းမယ်ဆိုရင် သွန်းသွန်းကပြန်နမ်းမှာပဲလားလို့တော့ မကပ်ရဘူးနော် .. ဟွန်း) :P )

Reply by moehmaung 19 hours ago
ကို exiter ရေ ဖြေထားတယ်နော် ဟဲဟဲ ကျေနပ်ပါ့မလား မသိဘူး
exiter said:
ကိုမိုးမှောင်ကြီး ဘယ်လိုပြန်ဖြေမှာလဲဆိုတာ ပရိသတ်ဖြစ်တဲ့ ကျွန်တော်တို့ သိချင်နေပါတယ်။
မြန်မြန်ဖြေဗျို့။
:D
Reply by မစ်(စ်)သွန်းသွန်း 19 hours ago
ဟင်း.. အဲဒါဆိုလည်း သင်ကောင်းလျှင်ကျွန်ုပ်မဆိုးပါ (နှလုံးရည်ကိုသာ ဆွေးနွေးပါ) လို့ ထည့်ရေးပေါ့။ မကပ်ဘူးလဲ ပြောသေးတယ်။ အဖြေကလည်းတောင်းသေးတယ် .. ဟွန်း တော်တော်ဆိုးဆိုးပဲ ။ ဖဲဝိုင်းရိုက်မပေးဘဲ နေလိုက်မှာနော် ။ :P
(moehmaung said:
ဟုတ်ပါတယ် .. သွန်းသွန်းပြောတာလဲ.. ဒါပေမယ့် ကျွန်တော်ဆိုလိုတာက အဲ့ဒီလိုလက်ရုံးရည်အားကိုးနဲ့ ရန်ဖြစ်တာကို ဆိုလိုတာမဟုတ်ဘူးလေ... အဲ့လိုရန်ဖြစ်နေချိန်မှာတော့ ကိုယ်ကဦးအောင်ဆော်မှာပေါ့..ကိုယ့်အပေါ်ကောင်းတယ် မကောင်းဘူးဆိုတာက လူမှုဆက်ဆံရေး ကိစ္စကို ဆိုလိုတာပါ.. ပေါင်းသင်းဆက်ဆံရေး ကိစ္စမှာ ကိုယ့်အပေါ်မကောင်းတဲ့သူ (အကောက်ကြံတယ်၊ ကိုယ့်ကို ဒုက္ခပေးတယ် စသည်ဖြင့်ပေါ့) ကို သည်းခံတာပြောတာပါ။ သွန်းသွန်းပြောသလိုတော့ မကပ်ပါဘူး။ (ကျွန်တော်က သွန်းသွန်းပြောသလိုမျိုး လုပ်ခဲ့ရင်ရော သွန်းသွန်းက စိတ်ဆတ်တဲ့သူ၊ သည်းမခံတတ်တဲ့သူ၊ တန်ပြန်သက်ရောက်မှုပြုတတ်သူလို့ ဆိုထားတော့ တကယ်များ ကျွန်တော့်ကို လက်တုံပြန်မှာလား.. သိချင်လိုက်တာ..ဟိဟိ)

Reply by moehmaung 19 hours ago
ကျွန်တော်တို့က ပုထုဇဉ်တွေဆိုတော့ ဒေါသဖြစ်လာပြီဆိုရင် ပေါက်ကွဲတတ်ကြတာ သဘာဝပါ။ ကျွန်တော်က ဗုဒ္ဓဘာသာဝင် တစ်ယောက်ဆိုတော့ ဗုဒ္ဓရဲ့တရားတော်နဲ့ပဲဖြေပါမယ်။ ဘုရားဟောကြားခဲ့တဲ့ ဗြဟ္မစိုရ်တရား (၄) ပါးကိုတော့ သိကြမှာပါ။ မေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ ဥပက္ခာ ဆိုတဲ့တရားလေးပါးပေါ့။ ကိုယ့်အပေါ် မကောင်းတဲ့သူကို မေတ္တာ၊ ဂရုဏာထားကြည့်တယ်ပေါ့။ နောက်ဆုံးအဆင့် ဘယ်လိုမှ မရရင်တော့ ဥပက္ခာတရားနဲ့ သူဘာလုပ်လုပ် ကိုယ်နဲ့မဆိုင်သလိုပဲ ဥပက္ခာပြုထားတယ်ပေါ့။ ဒီလို ကြိုးစားပြီး နေကြည့်ပါတယ်။ ပုထုဇဉ်တွေဆိုတော့ လောဘ၊ ဒေါသ၊ မောဟ တရားနဲ့တော့ မကင်းဘူးပေါ့။ ဒေါသတရားဟာ ပူလောင်ပါတယ်။ မီးဟာ တစ်ခြားသူကို လောင်မြိုက်စေသလို မီးကို ကိုင်ထားတဲ့သူကိုလည်း လောင်မြိုက်တတ်ပါတယ်။ ဒေါသတရားဟာလည်း ဒီလိုပါပဲ.. ရင်ထဲမှာ ဒေါသတရားကို ထည့်ထားတဲ့သူဟာ ပူလောင်ပါတယ်။ ဗုဒ္ဓရဲ့တရားတွေဟာ အကျင့်တရားတွေပါ။ သိပြီးရင် လိုက်နာကျင့်ကြံနိုင်မှ အကျိုးရှိတာပါ။ ကျွန်တော်ကတော့ အဲ့လိုနေနိုင်အောင် အတတ်နိုင်ဆုံး ကျင့်ကြံပါတယ်။
(koawlan said:
ကျွန်တော်နဲ့ ကိုမိုးမှောင်ကြီးက တူသယောင်ယောင်နဲ့ မတူလောက်ဘူးလို့ထင်ပါတယ်။
သည်းမခံနိုင်လောက်တဲ့အထိ၊ မတတ်နိုင်လောက်တဲ့အထိ ဆိုးလာရင်တော့ ကိုမိုးကြီးက ဘယ်လိုတုံန်ပြန်မလဲ မသိပေမယ့် ကျွန်တော်ကတော့ ပေါက်ကွဲမှုနဲ့ တုန့်ပြန်မိပါတယ်။
ရှေ့မှာကသည်းခံခဲ့ရတာပါ အတိုးချပြီး သူများထက်တောင် အတိုးချပြီး ပေါက်ကွဲမိပါသေးတယ်။
ဆိုလိုတာက သည်းခံကြတဲ့အခါ ဘယ်လိုမျိုးသည်းခံမလဲ ဆိုတာက ရှိတယ်လေ။
သူတော်ကောင်းတွေကျတော့ မေတာစိတ်နဲ့ သြော်.. သူဆိုးရှာတယ်။သူ..မိုက်ရှာတယ်ပေါ့။
ကျွန်တော်လို ရိုးရိုးသာမာန်လူကတော့... ဟာ..ဒီကောင်က ခွေးထက်မိုက်တယ်။ ရှောင်မှ..။ဟာ..သူက ငါ့နဲ့အဆင့်အတန်းမတူဘူး... စသဖြင့် ကိုယ်ကိုကိုယ် လယ်ဗယ်မြှင့်ပြီး သည်းခံတာလေ။
သူတော်ကောင်းစိတ်နဲ့ မဟုတ်တော့ကျတော့ ပေတံဆုံးသွားပြီဆိုရင် ဘယ်လိုတုန့်ပြန်မလဲ ဆိုတဲ့ အဖြေပါပေးမှ ငြင်းရတာ ပိုပြီး စိတ်ဝင်စားစရာ ကောင်းမယ်လို့ ထင်ပါတယ်။
ကျွန်တော်ကတော့ ပေတံဆုံးတဲ့အထိ ကြုံလာတဲ့အခါ သူငယ်ချင်းတွေကတောင် အံ့သြလောက်တဲ့အထိ ပြန်တုံ့ပြန်တဲ့သူမျိုးပါ။ ဒီတော့ သူတော်ကောင်းစိတ်နဲ့ သည်းခံတာမဟုတ်ပဲ.. ပြီးသွားရင် အေးတာပဲဆိုတဲ့ စိတ်နဲ့ ကျွန်တော်ကောင်းနှိင်သလောက် ပြန်ကောင်းတတ်တဲ့ သူမျိုးပါ ခင်ဗျား ။။။။။။)

Reply by koawlan 19 hours ago
ဂလိုဆိုရင်တော့ လေးစားပါတယ်ခင်ဗျာ......
စကားမစပ် ဥပေကာ(စာလုံးဆင့် မရိုက်တတ်လို့ပါ။) တရားက အခက်ဆုံးလို့ပြောတာ ကြားဖူးတယ်။....
ကျွန်တော်တို့လူသာမာန်တွေရဲ့ ဥပေကာလား ?? သူတော်ကောင်းတွေရဲ့ ဥပေကာလား???
ကိုမိုးမှောင်ကြီးနားမှာ နေချင်တယ်ဗျိုး.. စရင်လည်း သည်းခံ၊ ဘာပဲလုပ်လုပ်ဒေါသလည်းမထွက်၊
ဟိ. ဟိ. ကလိချင်တယ်ဗျာ....သူတော်ကောင်းကြီးကို.. ကဲ.. စပြီးဆိုးပြီနော်..ဘယ်လိုပြန်ကောင်းမလဲ ?? သိချင်တယ်ဗျိုး.....
(moehmaung said:
ကျွန်တော်တို့က ပုထုဇဉ်တွေဆိုတော့ ဒေါသဖြစ်လာပြီဆိုရင် ပေါက်ကွဲတတ်ကြတာ သဘာဝပါ။ ကျွန်တော်က ဗုဒ္ဓဘာသာဝင် တစ်ယောက်ဆိုတော့ ဗုဒ္ဓရဲ့တရားတော်နဲ့ပဲဖြေပါမယ်။ ဘုရားဟောကြားခဲ့တဲ့ ဗြဟ္မစိုရ်တရား (၄) ပါးကိုတော့ သိကြမှာပါ။ မေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ ဥပက္ခာ ဆိုတဲ့တရားလေးပါးပေါ့။ ကိုယ့်အပေါ် မကောင်းတဲ့သူကို မေတ္တာ၊ ဂရုဏာထားကြည့်တယ်ပေါ့။ နောက်ဆုံးအဆင့် ဘယ်လိုမှ မရရင်တော့ ဥပက္ခာတရားနဲ့ သူဘာလုပ်လုပ် ကိုယ်နဲ့မဆိုင်သလိုပဲ ဥပက္ခာပြုထားတယ်ပေါ့။ ဒီလို ကြိုးစားပြီး နေကြည့်ပါတယ်။ ပုထုဇဉ်တွေဆိုတော့ လောဘ၊ ဒေါသ၊ မောဟ တရားနဲ့တော့ မကင်းဘူးပေါ့။ ဒေါသတရားဟာ ပူလောင်ပါတယ်။ မီးဟာ တစ်ခြားသူကို လောင်မြိုက်စေသလို မီးကို ကိုင်ထားတဲ့သူကိုလည်း လောင်မြိုက်တတ်ပါတယ်။ ဒေါသတရားဟာလည်း ဒီလိုပါပဲ.. ရင်ထဲမှာ ဒေါသတရားကို ထည့်ထားတဲ့သူဟာ ပူလောင်ပါတယ်။ ဗုဒ္ဓရဲ့တရားတွေဟာ အကျင့်တရားတွေပါ။ သိပြီးရင် လိုက်နာကျင့်ကြံနိုင်မှ အကျိုးရှိတာပါ။ ကျွန်တော်ကတော့ အဲ့လိုနေနိုင်အောင် အတတ်နိုင်ဆုံး ကျင့်ကြံပါတယ်။)

Reply by moehmaung 19 hours ago
မနောက်ပါနဲ့သားရယ် .. ဦးကအတည်ပြောနေတာကို.. စပါဗျာ.. ရပါတယ်.. သူတော်ကောင်းကြီးလို့တော့ မပြောပါနဲ့ အခုမှ ဒေါသကို ထိန်းချုပ်နိုင်အောင် ကျင့်ကြံနေတုန်းပါ.. ဟဲဟဲ..
(koawlan said:
ဂလိုဆိုရင်တော့ လေးစားပါတယ်ခင်ဗျာ......
စကားမစပ် ဥပေကာ(စာလုံးဆင့် မရိုက်တတ်လို့ပါ။) တရားက အခက်ဆုံးလို့ပြောတာ ကြားဖူးတယ်။....
ကျွန်တော်တို့လူသာမာန်တွေရဲ့ ဥပေကာလား ?? သူတော်ကောင်းတွေရဲ့ ဥပေကာလား???
ကိုမိုးမှောင်ကြီးနားမှာ နေချင်တယ်ဗျိုး.. စရင်လည်း သည်းခံ၊ ဘာပဲလုပ်လုပ်ဒေါသလည်းမထွက်၊
ဟိ. ဟိ. ကလိချင်တယ်ဗျာ....သူတော်ကောင်းကြီးကို.. ကဲ.. စပြီးဆိုးပြီနော်..ဘယ်လိုပြန်ကောင်းမလဲ ?? သိချင်တယ်ဗျိုး.....)

Reply by မစ်(စ်)သွန်းသွန်း 19 hours ago
ဟွန့် ကိုမိုးမှောင်ကြီးနော် .. ပြောတော့ ခန္တီစ ခန္တီစ နဲ့ ။ ပြီးတော့ သူက သေနတ်ကြီးကိုင်လို့ ။
တော်တော်ဆိုးဆိုးပါလား ။ :P

Reply by moehmaung 19 hours ago
သွန်းသွန်းရေ နိုင်ငံရေးတွေပါရဘူးလေ... အဲ့ဒါ ၂၄ ပစ် စည်းရွတ်နေတာ.. တစ်နေ့ ၂၄ ခါ ပစ်တယ်.. အဲ့လေ ၂၄ ပစ္စည်းကို ၂၄ ခါ ရွတ်တယ်လို့
(မစ်(စ်)သွန်းသွန်း said:
ဟွန့် ကိုမိုးမှောင်ကြီးနော် .. ပြောတော့ ခန္တီစ ခန္တီစ နဲ့ ။ ပြီးတော့ သူက သေနတ်ကြီးကိုင်လို့ ။
တော်တော်ဆိုးဆိုးပါလား ။ :P)

Reply by exiter 18 hours ago
ကြိုက်သွားပြီ မောင်ရေ့။
:D
(moehmaung said:
ကို exiter ရေ ဖြေထားတယ်နော် ဟဲဟဲ ကျေနပ်ပါ့မလား မသိဘူး)

Reply by Saung 15 minutes ago
တို့ကငြင်းတာတော့မဟုတ်ဘူး။ ပြောကြည့်မယ်နော်။ သူ ကိုယ့်အပေါ်မှာ ဘယ်လောက်ဆိုးဆိုး သည်းခံလိုက်ရင် တနေ့ ကျ ရင် သူကိုယ့်အပေါ်ကိုပြန်ကောင်းလာပါလိမ့်မယ်။ သူဆိုးတိုင်းကိုယ်ကပြန်ဆိုးနေမယ်ဆိုရင် ရန်သူတွေဖြစ်ကုန်မှာပေါ့။ သည်းခံတယ်ဆိုတာ သည်းခံနိုင်တဲ့အတိုင်း အတာအထိပဲသည်းခံတယ် ဆိုတာ သည်းခံခြင်း မဟုတ်ပါဘူး ။ လုံးဝသည်းမနိုင်တဲ့အရာကိုသည်းခံလိုက်တာက သည်းခံခြင်းပဲ။ ဒါကတို့ အမြင်ပေါ့နော်။

Reply by moehmaung 2 seconds ago
အမြင်တူနေတော့ ပြောစရာကို မရှိတော့ပါဘူး။ ငြင်းစရာမှမလိုတာ။ အမြင်မတူမှသာ ငြင်းလို့ရမှာကိုး.. ဟဲဟဲ

Saturday, August 16, 2008

လက်ရှိ “ငါ”

အားယားနေတဲ့ငါ
လောကကြီးကို စောက်ထိုးမြင်နေတဲ့ ငါ
အချိန်တွေကုန်သွားတာကို
နှမြောတသနဲ့ကြည့်နေတဲ့ငါ
(ဒါပေမယ့် ငါဘာမှမလုပ်နိုင်ခဲ့ဘူး)
ငါထင်နေတဲ့ ပျင်းစရာလောကကြီးမှာ
အပြင်းစားအရာတွေ ခံစားစီးမျောရင်း
အားနေတာကို အလုပ်ရှုပ်အောင်လုပ်တယ်
လောကကြီးကို အတည့်မြင်နိုင်အောင်
ကင်းမြီးကောက်ထောင်ပြီးကြည့်မယ်
(ဒါမှ ငါအမြင်တွေ ပြန်တည့်သွားမှာကိုး)

အချိန်တွေကုန်မသွားအောင်
နာရီမပတ်တော့ပဲ နာရီစက်တွေကို ရပ်တန့်ထားမယ်
လောကကြီးမှာ ငါပျင်းမနေရအောင်
ကောင်မလေး
မင်းကိုငါ ချစ်ဖို့ကြိုးစားကြည့်မယ်
မင်းကငါ့ကို ပြန်ချစ်ဖို့တော့ လုံးဝမကြိုးစားပါနဲ့
ကြာရင် ငါပြန်ပျင်းသွားလိမ့်မယ်
လောလောဆယ်တော့
ငါ ဒီနေရာမှာ
ပျော်နေတယ်
မင်းလည်း လိုက်လာခဲ့လို့ရပါတယ်
အတ္တ၊ မာန အယူအဆတွေတော့
ခေါ်မလာခဲ့နဲ့ပေါ့ကွာ။

Tuesday, August 12, 2008

ကျွန်တော်နှင့် Fuzzy Logic

ကျွန်တော်တို့ သိခဲ့သည်မှာ သင်္ချာနှင့် သိပ္ပံပညာသည် တိကျသေချာသည်။ တိကျ သေချာအောင်လည်း အဓိပ္ပာယ် သတ်မှတ်ချက်များ၊ သီအိုရမ်များဖြင့် တိကျသေချာမှုကို အတည်ပြုကြသည်။ သို့သော် မတိကျ မသေချာသော အခြေအနေများကို သင်္ချာနည်းဖြင့် တွက်ချက်နိုင်သည့် Fuzzy Logic ဆိုသည့် သီအိုရီတစ်ခုရှိသည်ကို ဒေါက်တာခင်မောင်ဝင်း၏ Fuzzy Logic and Set Theory ဆိုသည့် စာအုပ်ဖတ်ရင်းမှ သိရှိလာသည်။

ယင်းစာအုပ်တွင် Fuzzy Logic ကို စတင်တည်ထွင်မှုမှာ အမေရိကန်နိုင်ငံမှစပြီး လက်တွေ့အောင်မြင်အောင် အသုံးချနိုင်ခဲ့သည်မှာ ဂျပန်နိုင်ငံမှ ဖြစ်သည်ဟုဆိုသည်။ ဂျပန်နိုင်ငံရှိ မီးပွိုင့်များ၊ မီးရထားလမ်း ထိန်းချုပ်မှုများ၊ ခေတ်မှီလျှပ်စစ် ပစ္စည်းများတွင် Fuzzy Logic ကို အခြေခံထားသည် ဟုဆိုသည်။

Fuzzy Logic ဆိုသည်မှာ အဘယ်နည်း။ Fuzzy Logic သည် မှန်ကန်ခြင်းမရှိပါက မှားနေသည်၊ မှားနေပါကလည်း မှန်ကန်မှုမရှိဆိုသည့် သမားရိုးကျ Logic ကို ဆန့်ကျင်ထားပါသည်။ Fuzzy Logic တွင် အဓိက အယူအဆမှာ အမှန်တွင်လည်း လုံးဝမှန်ကန်ခြင်းရှိသလို တပိုင်းတစမှန်ကန်ခြင်း (အမှန်ဒီဂရီ) ရှိသည်။ ထို့အတူ အမှားတွင်လည်း လုံးဝမှားယွင်းခြင်းကို လက်ခံသလို တပိုင်းတစ်မှားယွင်းခြင်း (မှားယွင်းမှု ဒီဂရီ) လက်ခံထားပါသည်။

ဥပမာ၊ ၄ သည် ၅ နှင့် ညီမျှသည် ဆိုသော အယူအဆသည် ၄ သည် ၁၀၀ နှင့် ညီမျှသည် ဆိုသော အဖြေထက် မှန်ကန်မှု ရာခိုင်နှုန်းပိုသည်ဟု ဆိုနိုင်ပါသည်။ Fuzzy Logic တွင် စဉ်းစား သုံးသပ်ပုံမှာ ရာနှုန်းပြည့် မှန်ကန်လျှင် (၁) ဟု သတ်မှတ်ပြီး လုံးဝမှားယွင်းမှု ရှိလျှင် (၀) ဟု သတ်မှတ်ပါသည်။ ထို အမှန်နှင့် အမှားကြားတွင်လည်း နှစ်ပုံတစ်ပုံ မှန်ကန်သည်၊ လေးပုံတစ်ပုံ မှန်ကန်သည်၊ အပုံနှစ်ဆယ်ပုံ ခုနှစ်ပုံမှန်ကန်သည် စသည်ဖြင့် အမှန်ရာခိုင်နှုန်းများ ရှိသည်ကို လက်ခံထားပါသည်။

စဉ်းစားကြည့်ကြပါစို့။ ကြက်သည် ငှက်ဖြစ်သည် ဆိုသည့် အဆိုကို စဉ်းစားကြည့်ကြပါမည်။ ထိုအခါ မည်သည့် အချက်များနှင့် ပြည့်စုံပါက ငှက်ဟုခေါ်နိုင်သည်ကို အဓိပ္ပာယ်သတ်မှတ်ရပါမည်။ ဆိုကြပါစို့။ ငှက်တစ်ကောင်ဖြစ်ရန် -
(၁) အတောင်ပံပါရမည်။
(၂) ခြေ ၂ ချောင်းရှိရမည်။
(၃) နှုတ်သီးရှိရမည်။
(၄) မိုးပေါ်ပျံနိုင်ရမည်။
(၅) လေထဲတွင် နေသည့်အချိန်ပိုများရမည်၊
ဟု အဓိပ္ပာယ် သတ်မှတ်ထားသည် ဆိုပါစို့။ ထိုအခါ ကြက်သည် အမှတ်စဉ် (၁)၊ (၂)၊ (၃)နှင့် (၄) တို့နှင့်ပြည့်စုံသည့် အတွက် ကြက်သည် ငှက်ဖြစ်သည် ဆိုသည့် အဆို ငါးပုံလေးပုံ မှန်ကန်သည်ဟု ဆိုနိုင်ပါသည်။ ယင်းမှာ Fuzzy Logic ၏ ယူဆပုံဖြစ်ပါသည်။ သာမန် Logic တွင် မူ ကြက်သည် ငှက်ဖြစ်သည် ဆိုသည့်အဆိုကို မဟုတ် (၀) ဟုဆိုရပါမည်။ Fuzzy Logic တွင်မူ ဖြစ်နိုင်သည့် အခြေအနေ၊ မရေရာ မသေချာသည့် အခြေအနေများကို ထည့်စဉ်းစားပါသည်။


Fuzzy Logic သည် ၀ မဟုတ်ပါက ၁ ဖြစ်ရမည်၊ မမှန်ပါက မှားရမည်ဆိုသည့် အဆိုကို လုံးဝလက်မခံပါ။ ၀ မဟုတ်ပါက နှစ်ပိုင်းတစ်ပိုင်းလည်း ဖြစ်နိုင်သည်။ လေးပိုင်းတစ်ပိုင်းလည်း ဖြစ်နိုင်သည်။ ထိုသို့သော အခြေအနေများကို ထည့်စဉ်းစားပါသည်။ ထို့ကြောင့် Fuzzy Logic သည် ဗုဒ္ဓ၏ မဇ္ဇိမပဋိပဋာ (အလယ်အလတ် လမ်းစဉ်) ကို လက်ခံထားသည်ဟု ဆိုနိုင်ပါသည်။ မိတ်ဆွေ သင်လည်း စဉ်းစားကြည့်ပါ။

ပုစ္ဆာ (၁)
ခေါင်းဆောင်ကောင်းဆိုသည်မှာ အဘယ်နည်း။ ခေါင်းဆောင်ကောင်း၏ အဓိပ္ပာယ်သတ်မှတ်ချက်ကို သင်စိတ်တိုင်းကျ ဖွင့်ဆိုကြည့်ပါ။ ပြီးလျှင် မောင်ဘသည် ခေါင်းဆောင်ကောင်းဖြစ်သည်၊ စသည်ဖြင့် သင်တွက်ချင်သော ခေါင်းဆောင်များကို မောင်ဘနေရာတွင် ထား၍တွက်ကြည့်ပါ။ Fuzzy Logic တွင် ရရှိသော အဖြေများမှာ အဓိပ္ပာယ် သတ်မှတ်ချက်ပေါ် မူတည်၍ ကွဲပြားသည်ကို တွေ့ရှိရပါမည်။


ပုစ္ဆာ (၂)
ဆရာဝန်ကောင်းဆိုသည်မှာ အဘယ်နည်း။ ဆရာဝန်ကောင်း၏ အဓိပ္ပာယ်သတ်မှတ်ချက်ကို သင်စိတ်တိုင်းကျ ဖွင့်ဆိုကြည့်ပါ။ ပုစ္ဆာ (၁) ကကဲ့သို့ ပင် သင်သိသော ဆရာဝန်များကို အစားထိုး၍ တွက်ကြည့်ပါ။


ပုစ္ဆာ (၃)
နေချင်စရာကောင်းသည့် တိုင်းပြည်/နိုင်ငံ ဆိုသည်မှာ အဘယ်နည်း။ နေချင်စရာကောင်းသည့် တိုင်းပြည်/နိုင်ငံ၏ အဓိပ္ပာယ်သတ်မှတ်ချက်ကို သင်စိတ်တိုင်းကျ ဖွင့်ဆိုကြည့်ပါ။ ပုစ္ဆာ (၁) ကကဲ့သို့ ပင် နိုင်ငံများကို အစားထိုး၍ တွက်ကြည့်ပါ။


အချိန်ရလျှင် စဉ်းစားတွက်ချက်ကြည့်ပါ။ Fuzzy Logic သည် အလွန်စိတ်ဝင်စားစရာ ကောင်းသည်ကို သင်တွေ့ရှိရ ပါလိမ့်မည်။

Friday, August 8, 2008

အနီရောင်သွေးများသို့

အတိတ်တုန်းက သွေးတွေ နီခဲ့ဖူးပါတယ်
ပစ္စုပ္ပန်မှာလဲ သွေးဆိုတာ နီ နေအုံးမှာပဲ
ကုန်ခဲ့တဲ့သွေးတွေ အလကားမဖြစ်စေရဘူး
လှည့်ပတ်နေတဲ့ သွေးတွေဟာလည်း
တန်ဖိုးရှိပြီး အကျိုးဖြစ်ရမယ်။

အတိတ်ကို တူးဆွနေမယ့်အစား
ပစ္စုပ္ပန်မှာ အကောင်းဆုံး လုပ်ဆောင်ပြီး
အနာဂတ်အတွက် ပြင်ဆင်ထားကြမယ်။

အနာဂတ်မှာလည်း သွေးတွေ ရဲရဲနီနေဖို့လိုတယ်
နီနေအောင်လည်း တို့စိတ်ဓါတ်တွေ ရဲရင့်ကြရမယ်
ရှိပြီးသား စိတ်ဓါတ်တွေကို မြှင့်တင်မယ်။

နီနေလို့ ရဲရင့်တာမဟုတ်ဘူး
ရဲ့ရင့်မှုတွေနဲ့ နီနေတာ
ရဲရဲနီနေတဲ့ တို့သွေးတွေဟာ
အနာဂတ်အတွက် အားဖြစ်စေရမယ်။

Tuesday, August 5, 2008

လက်ဘက်ရည်ဆိုင် ယဉ်ကျေးမှု

“အစ်ကိုတို့ ဘာသောက်မလဲ”
“ကျဆိမ့် ၂ခွက်၊ ပေါ့ဆိမ့်တစ်ခွက်”
“ညတုန်းကပွဲမှာ အာကြီးကချာတယ်ကွာ ငါလည်း ၅၀ ရှုံးသွားတယ်”
“ညီလေးရေ ရှေ့မှာဧည့်သည်တွေရောက်နေတယ် ဘာမှာမလဲမေးလိုက်အုံး”
“ဟိုကောင်က စင်္ကာပူထွက်ဖို့လုပ်နေတယ်ဆို”
“အေးဟုတ်တယ်ကွ လစ်တော့မယ်တဲ့ လုပ်နေတာပဲ”

“သားတို့ရယ် အမေကြီးကို ထမင်းဖိုးလေးပေးပါလား”
“ကန်တော့ပါသေးရဲ့”
“ဆေးလိပ်တစ်ပွဲလောက်”
“ပလိန်းတူးဟေ့”
“စားစရာဘာရလဲဟေ့”
“နန်းကြီးသုတ်၊ ရှမ်းခေါက်ဆွဲ၊ မုန့်ဟင်းခါး၊ ခေါက်ဆွဲသုတ်၊ ကြာဆံသုတ်၊ အစုံသုတ်”
“ပဲပလာတာနှစ်ပွဲ”
“ဖြစ်သင့်တာက ဒီလိုကွ ငါသာဟိုကောင်နေရာမှာဆို အဲ့လိုမဖြစ်ဘူးကွ”
“ဂန်ဘာရီတပည့် လာမယ်ဆိုကွ ဘယ်နေ့ရောက်မှာလဲ”
“အိုဘားမားက အခြေအနေကောင်းနေတယ်ဆိုပဲ”
“ယောက်ဖလစ်မယ်ကွာ ကောင်တာသွားပစ်ရအောင်”
“ပိုက်ဆံ ရှင်းမယ်ဟေ့”
“အစ်ကို ပါဆယ်မှာထားတာ ရပြီ”
“ပရီးမီးယားလိဂ်တောင် ပြန်စတော့မယ်ကွ မင်းကြည့်မှာမှတ်လား”
“အစ်ကို အကြွေမရှိလို့ ဆေးလိပ်ယူသွားလိုက်နော်”
“တူးတီးဟေ့”
“………………..”
“…………….”
“………..”

Sunday, August 3, 2008

ကျွန်တော်နှင့် ဟိုက္ကူကဗျာများ

ဂျပန်တို့ ရေးသော ကဗျာများတွင် ဟိုက္ကူဆိုသည့် ကဗျာ အမျိုးအစား တစ်မျိုး ရှိပါသည်။ ဟိုက္ကူ (အချို့ကလည်း ဟိုက်ကူဟု ဆိုကြသည်) ကဗျာသည် စကားလုံး ကျစ်ကျစ်လစ်လစ်ဖြင့် ဆိုလိုရင်းအချက်ကို ပုံဖော်လေ့ ရှိပါသည်။ မြန်မာတို့သိသော ထင်ရှားသည့် ဟိုက္ကူကဗျာ တစ်ပုဒ်မှာ

“ဖားလေးတစ်ကောင်
ရေကန်ထဲခုန်ချ
ပလုံ”

ဆိုသည့် ကဗျာလေးဖြစ်ပါသည်။ ယင်းကဗျာလေးသည် ဒသနများပါသည်ဟု ဝတ္ထုတစ်ပုဒ်တွင် တာရာမင်းဝေမှ ရှင်းပြဖူးပါသည်။ ကျွန်တော်လည်း ဟိုက္ကူကဗျာလေးများ ဖန်းတီးကြည့်မိပါသည်။ မြန်မာဟိုက္ကူ ကဗျာများပေါ့....

(၁)
သစ်တောသစ်ပင်
ဗန္ဓုလဝင်
ကုန်။

(၂)
မြန်မာမိန်းကလေးများ
ကိုရီးယားစတိုင်ဝင်
မလုံ။

(၃)
အောင်ဘာလေထီ
ထိုးသာထိုးသည်
ပလုံ။

(၄)
ခေါင်းဆောင်တွေများ
နောက်လိုက်နည်းသည်
ယုံ။

(၅)
လစာထုတ်ပြီး
ဆယ်ရက်သာရှိသေးသည်
ကုန်။

(အလျဉ်းသင့်၍ အာရုံရလျှင် ဆက်လက် ရေးသားပါမည်။)