Sunday, February 15, 2009

ရွှေမြို့တော်

လိုင်းကားကကြပ် ၊ ချွေးကထွက်နှင့်
နေခက်လှသည်၊ မြန်ရွှေပြည်၏
လူစည်မြို့တော်၊ နေရာကျော်ကို
မှည့်ခေါ်ကြသည်၊ ရန်ကုန်မည်၏။

ထိုထိုကားများ၊ ကြပ်သလားဆို
သင်သွားကြည့်ပါ၊ လှိုင်သာယာသို့
တစ်ခါနှင့်သာ၊ ဖြေမိပါမည်
ဟုတ်ပါလေစွ၊ မှန်ပေစွဟု။

ထိုသို့ဆိုသော်၊ ရွှေပြည်တော်တွင်
နေပျော်စေဖို့၊ နေရာတို့မှာ
ကျွန်တို့အတွက်၊ မရှိခက်ပြီ
မသက်မသာ၊ မဖြစ်ပါနှင့်။

သက်ရွယ်ကြီးမား၊ လူကြီးများတွက်
ထူးခြားဌာနီ၊ သွားရာသည်ကား
ရွှေပြည်ဂုဏ်ဆောင်၊ ၀င်းဝင်းပြောင်သည်
ထိန်ရောင်ညီးညီး၊ ရွှေတိဂုံတည်း။

သက်ရွယ်အလတ်၊ ပုဂ္ဂိုလ်တွက်မူ
မခက်ပျော်လေ၊ သွားရာတွေကား
လူတွေများလှ၊ ဈေးဝယ်ကြသည်
ပေါပနေရာ၊ ရှော့ပင်းစင်တာ။

အပျော်ပါးကြိုက်၊ လူငယ်၌မူ
သိပ်ခိုက်သည်မှာ၊ ပျော်စရာပွဲ
မကြာနွှဲသည်၊ သွားကြမည်ဆို
အတည်သာသွား၊ ကန်တော်ကြီးဗျား။

Tuesday, February 3, 2009

Database Technology နှင့် မြန်မာနိုင်ငံ


Database နှင့်ပတ်သက်ပြီး အနည်းငယ် လေ့လာမိရာမှ စဉ်းစားမိသည်များ ရှိလာ ပါသည်။ မြန်မာနိုင်ငံတွင် Database နှင့်ပတ်သက်ပြီး အစိုးရဌာနများသာမက စီးပွားရေးလုပ်ငန်း ကုမ္ပဏီများတွင်ပါ ထိထိရောက်ရောက် အသုံးပြုမှု နည်းနေ သေးပါသည်။ ကျွန်တော်တို့ ကွန်ပျူတာ တက္ကသိုလ်မှ ကျောင်းသားများသည်ပင်လျှင် Microsoft Access နှင့် SQL လောက်သာ အနည်းငယ်ရင်းနှီးသည်။ Oracle ဆိုလျှင် ဘာကောင်ကြီးမှန်းပင်မသိချင်။ ဒါက နည်းပညာအပိုင်း ဖြစ်သည်။ အသုံးချမှုအပိုင်းတွင်လည်း အသုံးချမည့်နေရာဌာန နည်းပါးနေ၍ လေ့လာသူများ နည်းပါးနေသော ဘာသာရပ်တစ်ခုဖြစ်နေသည်။ ကျောင်းသား အများစုမှာလည်း Java, .Net, C# စသည့် Programming Language များကိုသာ အာရုံစိုက်လေ့လာကြသည်။ Database နှင့်ပတ်သက်လျှင် အနည်းငယ် မျှသာ လေ့လာလေ့ရှိကြသည်။

ကွန်ပျူတာကိုအသုံးချမှုတွင် အများဆုံးနေရာမှာ စီးပွားရေးလုပ်ငန်းများဖြစ်ပါသည်။ မြန်မာနိုင်ငံတွင်တော့ အများစုသောလုပ်ငန်းများတွင် ကွန်ပျူတာသည် လက်နှိပ်စက် သာသာလောက်သာ အသုံးချနေကြပါသည်။ ဆိုလိုသည်မှာ ကွန်ပျူတာကို စာစီစာရိုက်လောက်သာ အသုံးချနေကြပါသည်။ ထို့ကြောင့်မြန်မာနိုင်ငံတွင် ကွန်ပျူတာနည်းပညာကို အသုံးချသည့် ပုံစံပြောင်းလဲလာပါက Database နည်းပညာ (ဝါ) Database ကို စီမံခန့်ခွဲပေးသည့် ပညာရှင် (Database Administrator-DBA) များ လိုအပ်လာမည် ဖြစ်ပါသည်။ ယခု အချိန်တွင်တော့ စူပါမားကတ်ကြီးများနှင့် တစ်ချို့ ကုမ္ပဏီကြီးများတွင်သာ အသုံးပြုသည်ကို တွေ့ရပါသည်။ Database စနစ်၏ အားသားချက်မှာ စာရင်းတိကျခြင်းဖြစ်သည်။ ဆိုလိုသည်မှာ စတိုးဆိုင်တစ်ဆိုင်၏ ကုန်အဝင်အထွက် စာရင်းကို လူသားတို့ဖြင့် Manual လုပ်ဆောင်လျှင် တစ်ခါတစ်ရံ၌ အရောင်းစာရေးများ၏ မှားယွင်းမှုများကြောင့် လွဲမှားမှုများ ဖြစ်တတ်ပါသည်။ Database နည်းပညာကို အသုံးပြုပါက စာရင်းဇယား များကို မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန် တိတိကျကျ ဆောင်ရွက်ပေးနိုင်ပါသည်။

အစိုးရဌာနများ အနေဖြင့်မူ Database နည်းပညာဖြင့် တစ်ဌာနရှိစာရင်းများကို အခြားဌာနမှ ချိတ်ဆက် အသုံးပြုနိုင်ပါသည်။ ဥပမာ- ကလေးတစ်ယောက်မွေးဖွားလျှင် ကျန်းမာရေး ဝန်ကြီးဌာန၏ Database တွင် (ဖွားသေစာရင်း) အချက်အလက်များ ထည့်သွင်းထားပါက ထိုကလေးမှတ်ပုံတင်လုပ်လျှင် လူဝင်မှုကြီးကြပ်ရေးမှ မွေးသက္ကရာဇ်အမှန်ကို ထိုစာရင်းမှ အထောက်အထားရယူနိုင်ပါသည်။ ထို့အတူ ထိုကလေး ကျောင်းနေသော အခါတွင်လည်း ပညာရေးဝန်ကြီးဌာနမှ ထိုအချက်အလက်များကို အသုံးချနိုင်ပါသည်။ ထိုကဲ့သို့ ဝန်ကြီးဌာနများအကြား Data များကို Share လုပ်ပြီးသုံးစွဲနိုင်ပါသည်။ e-Government စနစ်ကို ဖော်ဆောင်မည်ဆိုလျှင် အရေးကြီးဆုံးမှာ Database စနစ်ဖြစ်ပါသည်။

ထိုသို့ Database စနစ်ကို အောင်မြင်စွာအသုံးချနိုင်လျှင် ပြည်သူများ၏ တာဝန်ဖြစ်သော အခွန်ဆောင်မှုများ၊ အစိုးရရုံးများနှင့် ပတ်သက်ပြီး အခြားလူမှုကိစ္စများ ဆောင်ရွက်ရာတွင် စိတ်အေးချမ်းသာ လွယ်ကူလျှင်မြန်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ Database စနစ်ကို Online စနစ်နှင့်မရောထွေးစေလိုပါ။ ဆိုလိုသည်မှာ Database စနစ်ထူထောင်ထားလျှင် ပြည်သူများရုံးကိစ္စကို အိမ်မှပင်ဆောင်ရွက်နိုင်သည်ဟု သဘော မသက်ရောက်ပါ။ ရုံးသို့သွားရောက် ဆောင်ရွက်ရမည့်ကိစ္စများမှာ ရုံးသို့သွားရမည်ဖြစ်ပါသည်။ သို့သော် Database စနစ်ဖြင့် ဆောင်ရွက်နိုင်ပါက ရုံးကိစ္စများဆောင်ရွက်သောအခါ ဖိုင်ရှာရအုံးမည်၊ အချိန်အနည်းငယ်ကြာမည်၊ နောက်တစ်ပတ်မှပြန်လာခဲ့ပါ စသော အသံများ ပျောက်သွားနိုင်ပါသည်။ ကွန်ပျူတာသည် ဘယ်တော့မှမငြီးပါ။ “မရလို့ပါ ရရင်လုပ်ပေးပါတယ်” ဟုလည်း မပြောတတ်ပါ။ သူအတတ်နိုင်ဆုံး (Database ထဲတွင်စာရင်းရှိလျှင်) ဆောင်ရွက်ပေးပါလိမ့်မည်။
ထို့ကြောင့် Database စနစ်ကို ထဲထဲဝင်ဝင် သိရှိနားလည်အောင် လေ့လာထားဖို့တော့ လိုနေပြီဖြစ်ပါသည်။ ယခုလက်ရှိတွင်တော့ File များကို Copy ကူး၍ Hard-Disk ထဲတွင် စုပြုံထည့်ထားခြင်းကိုပင် Database ဟုထင်နေသော ဌာနများရှိနေသေးပါကြောင်း…………….

Sunday, February 1, 2009

BoB နှင့် လေးဖြူကို အရှင်လတ်လတ် စင်ပေါ်မှာပြန်တွေ့ခဲ့ရတဲ့ Alpine Music Tour 2009

ကိုလေးဖြူစင်ပေါ်မှာ သီချင်းပြန်ဆိုမယ်ဆိုတော့ ကျွန်တော်တို့လည်း မနေနိုင်တော့ဘူး။ သွားအားပေးရတာပေါ့။ ရန်ကုန်မြို့ ကန်တော်ကြီး မျှော်စင်ကျွန်းမှာ ဇန်နဝါရီ ၃၀၊ ၃၁ ရက်နေ့များက Alpine ရဲ့အစီအစဉ်နဲ့ IC အဖွဲ့ရဲ့ ရှိုးပွဲကို ပြုလုပ်သွားခဲ့ပါတယ်။ ကျွန်တော်ကတော့ နောက်ဆုံးနေ့ဖြစ်တဲ့ (၃၁) ရက်နေ့မှာ သွားကြည့်ဖြစ်ခဲ့ပါတယ်။
ညနေ (၆) နာရီကျော်တာနဲ့ မျှော်စင်ကျွန်းမှာ IC ပရိတ်သတ်ဟာ လမ်းပြည့်တဲ့အထိ ရှိနေခဲ့ပါတယ်။ စတိတ်စင်အရှေ့မှာလည်း ပရိတ်သတ်တွေက အစောကြီးကတည်းက နေရာယူထားကြပါပြီ။ ၇ နာရီထိုးခါနီးလောက်မှာပဲ ကိုလေးဖြူရဲ့ သေချင်းရဲ့တံခါးများ ဆိုတဲ့ Rock အပြင်းစားနဲ့ စပြီးဖွင့်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ မျိုးကြီးရဲ့ ကျောက်စာများ သီချင်းနဲ့ ပွဲကပိုပြီးမြူးလာခဲ့ပါတယ်။ နောက်တော့ ကိုအငဲ၊ ဝိုင်ဝိုင်းတို့ တစ်လှည့်စီဖျော်ဖြေခဲ့ပါတယ်။



ပရိတ်သတ်ရဲ့ အားပေးမှုကတော့ အချိန်ကြာတာနဲ့အမျှတိုးလာခဲ့ပါပြီ။ ဒီနေ့ပွဲမှာ “လေးဖြူ..လေးဖြူ” ဆိုပြီး ကိုလေးဖြူကိုပဲ တစ်ချိန်လုံး တောင်းဆိုနေခဲ့ကြပါပြီ။ ကိုလေးဖြူကလည်း BoB ထဲက နားထောင်မလား ဆိုပြီး “BoB, BoD, BoC” ဆိုတဲ့ အော်သံနဲ့အတူ “မလုပ်နဲ့ မလုပ်နဲ့ လက်နက်ငါချပြီးသား” သီချင်းကို စဆိုခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ ကိုယ့်ရဲ့လမင်း၊ သံယောဇဉ်၊ စာမျက်နှာ (၁၅) စတဲ့ သီချင်းအေးလေးများကို သီဆိုသွားခဲ့ ပါတယ်။
ဒီနေ့ပွဲမှာ ထူးခြားတာလေးတွေကတော့ ဝိုင်ဝိုင်းရဲ့ တရုတ်သံဇဉ် သီချင်းအေးတစ်ပုဒ်ကို Rock ဆန်ဆန်သီဆိုသွားတာပါ။ နောက်ပြီး ဝိုင်ဝိုင်းရဲ့ တယ်လီဖုန်း သီချင်းကို လိဒ် Intro ကိုလေးဖြူကတီးပြီး မျိုးကြီးက Bass ဂီတာတီးပြီး သီဆိုသွားပါတယ်။ ဒီသီချင်းမှာပဲ နောက်ပိုင်းမှာတော့ ကိုအငဲက Solo ဝင်တီးပေးသွား ပါတယ်။
နောက်ထပ်ထူးခြားတာကတော့ ခရီးဆုံးထိ ကို ပရီတ်သတ်ကသီဆိုပြီး ကိုလေးဖြူကိုယ်တိုင် Hollow Guitar တီးပေးသွားတာပါ။ ပွဲပြီးဖို့အချိန်နီးလာတာနဲ့အမျှ ပရိတ်သတ်ကလည်း ကိုလေးဖြူကိုပဲ တောင်းဆိုနေခဲ့ပါတယ်။ ကိုလေးဖြူကလည်း ပရီတ်သတ်ကိုလိုက်လျောတဲ့ အနေနဲ့ အလင်းရောင် ကိုဆိုပေးခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ IC တစ်ဖွဲ့လုံး ရောဂါ ကို သီဆိုခဲ့ပါတယ်။ နောက်ဆုံးအနေနဲ့တော့ “’ဒီလိုငါ ရုတ္တိမရှိတဲ့အဖြစ်ကို ငါရုတ္တိရှိဖို့မွန်းမံနေရင်း” ဆိုတဲ့ သီချင်းနဲ့ပွဲကပြီးဆုံးသွားခဲ့ပါတယ်။
ဒီနေ့ပွဲမှာတော့ ကိုလေးဖြူ သက်လုံကျနေတာတွေ့ရပါတယ်။ အရင်လောက်တော့ မဆိုနိုင်တော့ပါဘူး။ နှစ်ရက်ဆက်တိုက် ဖြစ်နေတာကြောင့် ပွဲပန်းတာလဲပါနိုင်ပါတယ်။ ဒီနေ့ပွဲမှာတော့ မျိုးကြီးနဲ့ကိုအငဲက တော်တော်ထိန်းသွားတာတွေ့ရပါတယ်။ ကိုလေးဖြူအားရပါးရ မဆိုနိုင်တာနဲ့ မျိုးကြီး တစ်ချက်အော်လိုက်တဲ့အချိန်မှာ အသံမဆိုသလောက်လေး ပျောက်သွားတာကလွဲလို့ ဒီနေ့ပွဲဟာ IC ပရိတ်သတ်အတွက်တော့ ကျေနပ်မှုရခဲ့ပါတယ်။ IC အဖွဲ့ရဲ့ Alpine Music Tour 2009 အောင်မြင်ပါစေ။ ဒီထက်လဲအောင်မြင်ပါစေ……

Thursday, January 29, 2009

Life

If I would reverse my past
If I will pass my future
Present will be so nice
As I can’t control past and future
Present left me with a moment
So, in this world
What thing I really possess?
If I would reverse my past
If I will pass my future
Present will be so nice
As I can’t control past and future
Present left me with a moment
So, in this world
What thing I really possess?

Monday, January 26, 2009

ဒေါသ

ကံကြမ္မာရဲ့ ထိုးနှက်ချက်တွေကြောင့်
င့ါဘဝ စုတ်ပြတ်မသွားပါဘူး….
မင်းကဘယ်လောက်တောင် မြင့်မြတ်နေလို့
င့ါကို ရှုံ့ချချင်ရတာလဲ….
ငါ့ဒေါသကို ငါသိလို့ ငြိမ်ငြိမ်လေးနေတာ
မင်းကဘာလို့လာဆွနေရတာလဲ….
မူးနေရင်အိပ်နေပါ တောင်ပြောမြောက်ပြောမပြောနဲ့
င့ါမာနကိုလာထိရင် မင်းပြောနေတဲ့သွေးထက်
ပိုနီတာသိသွားမယ်…
အချိန်တန်ရင် လူဆိုတာသေမျိုးကြီးပဲ
သေသွားရင်ဘာကောင်ကြီးမှ မဟုတ်တော့ဘူး
မင်းကြောင့် င့ါမှာဒေါသတွေနဲ့လောင်မြိုက်ရတယ်
အချိန်မှီငါ့ဘာသာ တရားနဲ့ဖြေ
င့ါဒေါသကို ချိုးနှိမ်…..
နှိမ်…….
နှိမ်.

HTML အရောင် Code များ

      Web Site များ၊ Blog Template များပြင်ရာတွင် အရောင်ကုဒ်များ ရှာရသည်မှာ အချိန်အလွန်ကုန်သည့် အလုပ်ဖြစ်ပါသည်။ အရောင်ကုဒ်များကိုဖော်ပြပေးသည့် ဆိုဒ်များမှာလည်း ကုဒ်နံပါတ်နှင့် အရောင်ကို စာဖြင့် ဖော်ပြပေးကြသည်သာ များပါသည်။ ထိုအခက်အခဲကို ပြေလည်စေရန်အတွက် HTML အရောင် Code ဖိုင်ကို Download လုပ်လိုက်ပါ။ အခက်အခဲတွေပြေလည်သွားပါမယ်။


      ယခုဖိုင်တွင် အရောင်ပေါင်း ၄၀၉၆ ရောင်ကိုဖော်ပြထားပါသည်။ ကွန်ပျူတာတွင် အရောင်ကို ၂၅၆ ရောင်ဟုသာမှတ်သားထားပါသည်။ သို့သော် အရောင်ကုဒ်များအရ တွဲစပ်မှုတွင် အရောင်ပေါင်း သန်းရာချီ ရှိနိုင်ပါသည်။ ဆိုလိုသည်မှာ #000000 မှ #ffffff အထိ အရောင်များကိုတွက်ကြည့်လျှင် သန်းနှင့်ချီ၍ရှိပါသည်။ ကွန်ပျူတာတွင် အနီရောင်၊ အစိမ်းရောင်နှင့် အပြာရောင်များကို တွဲစပ်၍ အခြားအရောင်ကွဲများကို ဖော်ပြခြင်းဖြစ်ပါသည်။ ယခုဖိုင်တွင်တော့ RGB နံပါတ်တူများကို အခြေပြုဖော်ပြထားခြင်းဖြစ်ပါသည်။ ဆိုလိုသည်မှာ #000000 မှ #0000ff ထိ ၁၆ ရောင် #001100 မှ #0011ff ထိုကဲ့သို့သွားရာ နောက်ဆုံး #ffffff ထိ ဖြစ်ပါသည်။ နမူနာ အရောင်ပုံစံကို အောက်တွင်ကြည့်နိုင်ပါသည်။ အရောင်မှာ အပေါ်မှဖြစ်ပြီး အရောင်ကုဒ်မှာ အောက်တွင် ဖော်ပြထားပါသည်။



44aa0044aa1144aa2244aa33

44aa4444aa5544aa6644aa77

44aa8844aa9944aaaa44aabb

44aacc44aadd44aaee44aaff

Thursday, December 18, 2008

သိချင်တယ်

မိုးကုတ်စက်ဝိုင်းရဲ့အဆုံးမှာ
ဘာတွေများရှိနေမလဲ
ငါသိချင်တယ်…

နောက်တစ်နေ့ရဲ့မနက်ခင်းမှာ
ဘာတွေများဖြစ်နေမလဲ
ငါသိချင်တယ်…

ဘ၀ဟာ အစီအစဉ်တကျဖြစ်နေခဲ့ရင်
ရင်ခုန်စရာကောင်းပါ့မလား
ငါသိချင်တယ်…

ကံကောင်းခြင်းတွေကို ၀ယ်ရောင်းလုပ်လို့ရရင်
ဈေးကွက်ရှိနေမှာလား
ငါသိချင်တယ်…

င့ါဘ၀ရဲ့နိဂုံးကို သိခွင့်ရရင်
ဘယ်လို အဆုံးသတ်မလဲ
ငါသိချင်တယ်…

Tuesday, November 18, 2008

ချစ်သူသို့

ချစ်သူ
နှလုံးခုန်သံတိုင်းဟာ မင်းအတွက်ဆိုရင်
ကိုယ့်ရင်ခုန်သံတွေဟာ တန်ဖိုးရှိပါတယ်
မင်းနဲ့တွေ့မှ ကိုယ်ပထမဆုံးပြောတတ်တဲ့
စကားတစ်ခွန်းကတော့
အရမ်းချစ်တယ် ဆိုတာပဲလေ
မင်းသာ ကိုယ့်ရဲ့ကောင်းကင်ကြီးဆိုရင်
မင်းကိုသတိရတဲ့ လွမ်းတဲ့ကိုယ့်ရဲ့စိတ်တွေဟာ
ကောင်ကင်ကြီးမှာ ပြည့်နေတဲ့ ကြယ်ကလေးတွေပါကွာ
ကိုယ်မင်းကို ချစ်တယ်ဆိုတာထက်
အဓိပ္ပာယ်ပြည့်ဝတဲ့ စကားလုံး
ရှာကြည့်ပေမယ့် ကိုယ်ရှာမတွေ့တော့လည်း
ချစ်တယ်ဆိုတာကိုပဲ
မင်းကိုပြောနိုင်သေးတယ်
တကယ်လို့တစ်နေ့မှာ
ချစ်တယ်ဆိုတာထက် ပိုကောင်းပြီး
အဓိပ္ပာယ်ပြည့်ဝတဲ့ စကားလုံးရှာတွေ့ခဲ့ပြီဆိုရင်တော့
အဲ့ဒီစကားလုံးကို ရှာတွေ့တဲ့သူဟာ
ကိုယ်ပဲဖြစ်နေလိမ့်မယ်
ချစ်သူ........

Saturday, November 15, 2008

ဘာကြောင့် Blog တယ်



ကျွန်တော့်ကို ညီငယ်တစ်ယောက်က မေးတယ်။ ဘာလို့ Blog ရေးတာလဲ။ Blog ရေးတော့ဘာတွေရလဲတဲ့။ သူမေးတော့မှ ကျွန်တော်လည်း စဉ်းစားမိတော့တယ်။ သူမေးတုန်းကတော့ အကောင်းဆုံး အဖြေကိုမပြောနိုင်လို့ အခုမှပဲ ပို့စ်အနေနဲ့ ရေးလိုက်ရတယ်။

ဒါတွေကြောင့် Blog ရေးတယ်…

ကျွန်တော်က စာရေးတာ ကဗျာရေးတာကို ၀ါသနာပါတယ်။ ဒါပေမယ့် Professional အနေနဲ့ ဘ၀ကိုရင်းပြီး စာရေးဆရာ လုပ်ဖို့ကလဲ မလုပ်နိုင်ဘူး။ (အဲ့လောက် အရည်အချင်း မရှိတာလဲ ပါတယ်ပေါ့) အဲ့ဒီတော့ ကိုယ်ရေးချင်တာရှိရင် Blog မှာ ရေးတယ်။ နောက်တစ်ချက်က ကျွန်တော်တို့ ၀ါသနာရှင်တွေအနေနဲ့ စာတွေရေးပြီး မဂ္ဂဇင်းတိုက်တွေ ပို့ရင်လည်း အပယ်ခံရတာက များတယ်လေ။ ကိုယ်ရေးတဲ့စာကိုတော့ ကိုယ့်ဘာသာ အကောင်းဆုံးမှတ်တာကိုး။ အဲ့ဒီတော့ အပယ်ခံလည်း မဖြစ်ချင်ဘူး။ Blog မှာရေးရင်တော့ အဲ့ဒီပြဿနာလုံးဝမရှိဘူး။ ကွန်နက်ရှင်ကောင်းတဲ့အခါ Publish Post ဆိုတာနဲ့ အဆင်ပြေပြီ။ ဘယ်သူမှ မပယ်ဘူး။ ကိုယ်ရေးတဲ့စာကိုတော့ ကိုယ်တာဝန်ယူရတယ်ပေါ့။

နောက်ပြီးတော့ Blog မှာ စာလာဖတ်တဲ့သူတွေက မကြိုက်ရင်လည်း မကြိုက်တဲ့အကြောင်း၊ ကြိုက်ရင်လည်း ကြိုက်တဲ့အကြောင်း Comment လေးတွေ ချန်သွားနိုင်သေးတယ်။ စာဖတ်သူတွေထားသွားတဲ့ Comment လေးတွေကလည်း Blog မှာ စာရေးသူတွေ အတွက်တော့ ပီတိပဲ။ Blog မှာ စာရေးရတာကို နှစ်သက်ရတဲ့ အဓိက အကြောင်းကတော့ လွတ်လပ်မှုရှိတာကိုပဲ။ ကိုယ်ရေးချင်တာရေး ဘယ်သူမှ ဖြတ်တာတောက်တာ မရှိဘူး။ စာဖတ်သူတွေ အနေနဲ့ကလည်း မကြိုက်ရင် ကျော်ဖတ်သွား၊ ရောက်လာပြီး လုံးဝမဖတ်ပဲ ပြန်သွားတာ၊ နောက်လုံးဝမလာတော့တာ၊ ဆန္ဒရှိသလို လုပ်ခွင့်ရှိတယ်။ မကျေနပ်ရင်လည်း Cbox မှာ မကျေနပ်တာကို ပြောသွားနိုင်သေးတယ်။ ဘယ်လောက်လွတ်လပ်လဲ။ ကိုယ့်က မကျေနပ်ရင်လည်း (သူ့မှာ Blog လိပ်စာရှိရင်) ပြန်လိုက်သွားပြီး ချေပနိုင်သေးတယ်ဗျာ။ ဘယ်သူတွေ ဘာပဲပြောပြော ကျွန်တော်ကတော့ Blog တွေဟာ လွပ်လပ်သေးတယ်လို့ ထင်တယ်။ ဘယ်သူကမှ ထိန်းချုပ်ထားတာ မရှိဘူးလေ။

တစ်ချို့ကိစ္စတွေနဲ့တော့ ကျွန်တော့ကို မငြင်းကြနဲ့ပေါ့ဗျာ။ ကျွန်တော်ဆိုလိုတာက ကိုယ်ရေးချင်တာကို လွတ်လွတ်လပ်လပ် ရေးခွင့်ရနေတာကို ပြောပါတယ်။ ရေးနေကြလို့လဲ Blog တွေပေါ်မှာ စာအစုံ ကျွန်တော်တို့ဖတ်နေရတာပေါ့။ နောက်ပိုင်းဖြစ်လာတဲ့ ပြဿနာကတော့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးရေး မူအတိုင်းပေါ့ဗျာ။ အဓိက ပြောချင်တာကတော့ ကျွန်တော်ဘာကြောင့် Blog ရေးလဲဆိုရင် လွတ်လွတ်လပ်လပ် ရေးချင်တာရေးလို့ ရလို့ပါလို့ပဲ ဆိုချင်ပါတယ်။

Blog ရေးတာဘာတွေရလဲ…

Blog ရေးတာ ဘာတွေရလဲ ဆိုရင်တော့ ပီတိတွေရတယ်ဗျာ။ နည်းပညာ အကျိုးအမြတ်ရတယ်ဗျာ။ ဥပမာ Blog ရေးသူတစ်ယောက်ဟာ အရင်က ဘာမှမတတ်ပေမယ့် Blog ရေးသားလာတာကြာရင် Web Design နဲ့ပတ်သက်ပြီး နည်းနည်းအမြင်ရှိလာတယ်ဗျာ။ ကျွန်တော့အမြင်ပေါ့လေ။ ကိုယ့် Blog လေးကို လူလာလည်ချင်စိတ် ပေါ်အောင် ပြင်ဆင်ရင်းနဲ့ ကိုယ့် Blog မှာတော့ Web Designer ဖြစ်မှန်းမသိ ဖြစ်လာတယ်ဗျာ။ ပြီးတော့ HTML တို့ Java Script တို့နဲ့လည်း ရင်းနှီးလာတယ်။ ပြီးတော့ အင်တာနက်နဲ့ ပတ်သက်တဲ့ ဗဟုသုတတွေရတယ်ဗျာ။ စာတွေအစုံဖတ်ဖြစ်တယ်။ ကိုယ့် Blog ကို လူလာအောင် သူများ Blog တွေ လျှောက်သွားရတာကိုး။

ပြီးတော့ လက်ရှိလူငယ်တွေရဲ့ ခံစားချက်တွေ သိရတယ်။ (Blog ကို လူငယ်အများစု ရေးနေကြလို့ပါ။) တကယ်တော့ ဒီအချက်ဟာ ယူတတ်မယ်ဆိုရင် အဖိုးတန်ပါတယ်။ ဆိုလိုချင်တာကတော့ လူငယ်တွေရဲ့ ခံစားချက်ဟာ ပြည်သူတွေရဲ့ ခံစားချက်ပါပဲ။ ကျွန်တော်တို့ နိုင်ငံရဲ့ ရှေ့ဆက်သွားမယ့်မူအရ (၂၀၁၀) မှာ ရွေးကောက်ပွဲ လုပ်ကြတဲ့အခါ နိုင်ငံရေးပါတီတွေ ကုန်ကျစရိတ် နည်းနည်းနဲ့ မဲဆွယ်ဖို့ အခွင့်အရေးတွေ Blog တွေပေါ်မှာ ရနိုင်တယ်ဗျာ။ ဒါကတော့ ကြိုတွေးကြည့်တာပေါ့လေ။ ပညာရေး၊ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ပညာပေးချင်ရင်လည်း Blog တွေကနေ ပေးနိုင်တယ် ထင်ပါတယ်။ Web Site တွေထက်စာရင် Blog တွေက ကုန်ကျစရိတ်လည်း သက်သာတယ်ဗျာ။

အရာရာတိုင်းကတော့ အကောင်းနဲ့အဆိုး ဒွန်တွဲနေတာပေါ့လေ။ ယူတတ်ရင်တော့ အဆိုးတွေပယ်ပြီး အကောင်းတွေ ယူလို့ရတာပေါ့။ ဒါကတော့ Blog ရေးတာနဲ့ ပတ်သက်တဲ့ ကျွန်တော့အမြင်ပါ။

Sunday, November 9, 2008

လွမ်းရက်ရှည်



အနာဂတ်အတွက် ရည်မှန်းချက်တွေနဲ့
အဝေးမှာကိုယ်ရောက်နေခဲ့တယ်
ပျော်ခဲ့တာတွေ ပြန်တွေးကြည့်ရင်
ခဏလေးပေမယ့်
လွမ်းရက်တွေ ရှည်ကြာလှချည်လား…….

မင်းကိုစိတ်ချမယ်နော်လို့ ပြောခဲ့ပေမယ့်
ကိုယ် ဘယ်လိုမှ စိတ်မချနိုင်ဘူး
မင်းကလည်း ကိုယ့်ကို ယုံပါတယ်ဆိုပေမယ့်
စိုးရိမ်နေတတ်တာ သိပါတယ်
တစ်ယောက်နဲ့တစ်ယောက် စိတ်မချဖြစ်နေရတဲ့
ရက်တွေကလည်း ရှည်ကြာလှချည်လား…….

တို့နှစ်ယောက်ကို အလွမ်းပြေ ဆုံတွေ့ခွင့်ပေးနိုင်တဲ့
ဖုန်းလိုင်းလေး ၊ Gtalk လေးတွေရှိပေမယ့်
ကိုယ်အချိန်တိုင်းတော့ သတိရမိနေတာပဲလေ
လွမ်းရက်တွေကို လက်ချိုးရေကြည့်ပေမယ့်
ဘယ်နှစ်ခေါက်ချိုးမိမှန်း ကိုယ်မမှတ်မိဘူး
တကယ်တော့လွမ်းရမယ့်ရက်တွေ ရှည်လွန်းတယ်ကွာ……..

Friday, October 17, 2008

နည်းနည်းလေးတော့ လွဲနေတယ်

(၁)
အမြင်မတော် တာလေးတွေ ပြောချင်လာလို့။ ရန်ကုန်မြို့ကြီးမှာပေါ့။ မြို့ထဲကနေ လိုင်းကားစီးသွား မြေနီကုန်း မှတ်တိုင်ကျော်ရင် မီးပွိုင့်ကိုရောက်ရော။ ပြည်လမ်းပေါ်မှာလေ။ ကားစပယ်ယာတွေက ပိုက်ဆံလေး လိပ်ပြီး မီးပွိုင့်က ယာဉ်ထိန်းရဲဆီ ပစ်ပေးနေတာ မြင်ခဲ့ရတယ်။ တစ်ခါလည်း မဟုတ်။ နှစ်ခါလည်းမဟုတ်။ တစ်စီးတည်းလည်း မဟုတ်။ ဖြတ်သမျှ လိုင်းကားအကုန် ပစ်ပေးနေရတာ။ ဘာကြောင့်လည်း ဘာအတွက်လည်းပေါ့ သိချင်လိုက်တာ။ ရတဲ့ပိုက်ဆံကလည်း ၃၀၀ တောင် ကျော်မယ် မထင်ပါဘူး။ အင်း ဒါပေမယ့် ပေါ့လေ တစ်နေ့လုံးဆိုတော့ ဖြတ်သွားတဲ့ လိုင်းကားတွေက နည်းတာမှမဟုတ်တာ။ မနည်းရမှာပဲနော်။

အဲ့ဒီလိုလုပ်ရပ်က ကိုယ်တိုင်အတွက်လည်း ရှက်စရာတော့ ကောင်းသလားလို့။ အဖွဲ့အစည်း အတွက်လည်း မကောင်းဘူး ထင်ပါတယ်။ နိုင်ငံ့ဝန်ထမ်း အနေနဲ့တော့ အင်မတန် ရှက်စရာ ကောင်းပါတယ်။ မီးပွိုင့်ဆိုတော့ ကားကရပ်လို့ မရဘူးလေ။ ဖြတ်သွားတုန်း ပိုက်ဆံခေါက်ပြီး ပစ်ပေးရတာ။ တစ်ခါတစ်လေတော့လည်း လိုရာမရောက်တာ ရှိတာပေါ့။ လမ်းမပေါ် ကျတာတို့ ဘာတို့။ အဲ့ဒီအခါမှာ ဘယ်လိုမျက်နှာမျိုးနဲ့များ ထွက်ကောက်လဲ မသိပါဘူး။ ယိုသူမရှက် မြင်သူရှက်ပေါ့လေ။ ဖြစ်လေရာ ဘ၀မှာ မြန်မာနိုင်ငံက ယဉ်ထိန်းရဲ မဖြစ်ပါရစေနဲ့ဘုရား။

(၂)
မိုးမှောင်တို့ ဒီရက်ပိုင်းအတွင်း တော်တော်လေး လွဲနေတယ်။ ထမင်းဆိုင်မှာ ထမင်း ၀င်စားတော့လည်း အမြင်မတော်တာ တွေ့ပြန်ရော။ တခြားဝိုင်းမှာ ရောက်နှင့်နေတာက ဒုရဲအုပ်တစ်ယောက်ရယ်၊ မရက အဖွဲ့ဝင်ဆိုသူ နှစ်ယောက်ရယ်၊ အပူသည်ရုပ်နဲ့ အမျိုးသမီးတစ်ယောက်ရယ်။ သူတို့ ပြောဆိုနေသံကြားရတာက အဲ့ဒီမိန်းမရဲ့ ယောင်္ကျား (ဆိုက်ကားသမား ထင်တယ်) အဖမ်းခံထားရတယ်။ မူးပြီးရမ်းကားမှုနဲ့။ မူးပြီးရမ်းတယ် ဆိုတာကလည်း ရပ်ကွက်တွေမှာ ဖြစ်လေ့ဖြစ်ထ ရှိတဲ့အရာပါ။ ပုံမှန်ဆိုရင်တော့ ရပ်ကွက်က တာဝန်ရှိသူတွေ ထိန်းသိမ်းပြီး အဆင်ပြေသွားတာပဲ။ အခုတော့ မတည့်တဲ့သူ တစ်ယောက်ယောက်က တိုင်လိုက်ပုံရပါတယ်။ ရဲအရေးပိုင်ထဲ ရောက်သွားပြီး အဖမ်းခံရရော။ ဒါမျိုးကလည်း အကြာကြီးချုပ်လို့ မရပါဘူး။ တစ်ရက်တန်သည် နှစ်ရက်တန်သည် ချုပ်ထားပြီး ပြန်လွှတ်မှာပါ။ မိန်းမဖြစ်သူကတော့ စိုးရိမ်ရှာမှာပေါ့လေ။ ဒါကြောင့်လည်း ဒီနေရာရောက်နေတာပေါ့။

သူတို့ပြောနေကြတာက ဒုရဲအုပ်မှ ၅၀၀၀၀ နှင့်အပြီး ဖြေရှင်းပေးမှာဖြစ်ကြောင်း၊ အမျိုးသမီးလည်း ငွေပေးလိုက်တာကို တွေ့လိုက်ပါတယ်။ မရက အဖွဲ့ဝင်တွေ ဆိုတာကလည်း ဘေးကနေ ညော်ပေးကြပေါ့ဗျာ။ ခဏနေကျတော့ ဒုရဲအုပ်လည်း လစ်သွားရော။ တာဝန်ကရှိသေးတာကိုး။ နောက်ဒုရဲအုပ်တစ်ယောက် ရောက်လာပြန်ရော။ ခုနက ကိစ္စကို လာမေးနေသံကြားရတယ်။ အမျိုးသမီးကတော့ ပထမရဲနဲ့ မရကတွေ စားထားတာရှင်းပြီး ပြန်သွားတယ်။ ဒုတိယရဲက ဘယ်လိုလုပ်မှာလည်း ဘာညာ လာမေးနေတယ်။ မရကတွေကလည်း ပထမရဲကို အပြီးအစီး အပ်လိုက်ပြီဖြစ်ကြောင်း၊ ဆရာ့ကိုလည်း နောက်နေ့ မနက်စာဧည့်ခံပြီး သတ်သတ်မှတ်မှတ် ဂါရ၀ပြုဖို့ ပြောထားကြောင်း၊ မနက်ဖြန်အားရင် လာခဲ့ဖို့ ပြောသံကြားလိုက်ရပါတယ်။ အဲ့ဒီတော့မှာ ဒုတိယရဲလည်း စိတ်ချလက်ချ ထွက်သွားတော့တယ်။

အဆိုပါရဲလည်း ထွက်သွားရော မရကအဖွဲ့ဝင် ဆိုသူနှစ်ယောက် ပြောနေသံ ကြားရတာတော့
“သူတို့ချင်းကလည်း အဲ့ဒီလိုကွ” တဲ့။ ပြီးတော့ နှစ်ယောက်သား ရပ်ကွက်ထဲက အကြောင်းတွေ ပြောနေကြသေးတယ်။ အရင်က အမှုသည်ဆီက လက်ဘက်ရည် တစ်ခွက်တောင် မသောက်ဘူးကြောင်း၊ အခုကြတော့လည်း လိုက်လံဆောင်ရွက် ပေးနေရကြောင်း၊ ကြေကြေကွဲကွဲကို ပြောနေကြတာ ဟိဟိ။ သူတို့အခုစားလိုက်တာလည်း နည်းတာမှတ်လို့။

ဘာရယ်တော့ မဟုတ်ပါဘူး နည်းနည်းလေး လွဲနေတာလေးတွေ တွေ့တော့ လက်ယားလာလို့။ အဲ့ဒါကြောင့် အဲလက်စ်ကပြောတာနေမှာ
“တော်ပြီကွာ စိတ်ကုန်တယ် တောထဲက သစ်ပင်ပေါ်သွားနေမယ်.. ကျားကြီးပဲကိုက်သေသေ ကျေနပ်တယ် အားလုံးအေးဆေးပဲ”

Sunday, October 12, 2008

သာလိကာနှင့် တွေ့ဆုံခြင်း



ခြေထောက်တွင် ဗွေပါသော မိုးမှောင်တစ်ယောက် ရန်ကုန်နှင့် နေပြည်တော်ကို ကူးချည်သန်းချည် ဖြစ်နေပါသည်။ ခြေကလည်း ရှည်သမို့ ရန်ကုန်ရောက်ခိုက် နယ်ကျွံပြီး မြောက်ဒဂုံသို့ ရောက်ရှိသွားခဲ့ပါသည်။ အပြန်လမ်းတွင်တော့ သာလိကာလေးနှင့် တွေ့ခဲ့ပါသည်။ သာလိကာလေး ဆိုသည်က သုံးနှစ်ခွဲ လေးနှစ်ခန့်ရှိသည့် ကလေးတစ်ယောက် ဖြစ်ပါသည်။ ကျွန်တော်က ရှစ်မိုင်သို့ပြန်မည် ဖြစ်သည့်အတွက် (၂၀၂) လိုင်းကား စီးခဲ့ပါသည်။ ထိုကားပေါ်တွင် ထိုကလေးနှင့် တွေ့ခဲ့ခြင်း ဖြစ်ပါသည်။

ကျွန်တော်ကလည်း ကလေး ချစ်တတ်သည့်အတွက် ထိုကလေးအား ထိုင်ခုံတွင် အတူတူထိုင်ခိုင်း လိုက်ပါသည်။ ထိုကလေးမှာလည်း စကားက တတ်လှပါဘိ။ ကျွန်ုပ်မိုးမှောင်အား ကဏ္ဍစုံမှ အင်တာဗျူး သွားခဲ့ပါသည်။ ထိုကလေး ကျွန်ုပ်မိုးမှောင်အား အင်တာဗျူးသွားသည်မှာ -


“ဒီကားက ဘယ်ကိုသွားနေတာလဲ”
“ရှစ်မိုင်ကိုလေ”
“ဟိုဘက်လမ်းက ကားတွေကကော ဘယ်ကိုသွားနေတာလဲ”
“မြောက်ဒဂုံကိုပေါ့ သားရဲ့”
“သူတို့က ဘာလို့ ဟိုဘက်က မောင်းနေတာလဲ”
“အော်.. ဒီဘက်လမ်းမှာ အတူတူမောင်းနေရင် တိုက်ကုန်မှာပေါ့. အဲ့ဒါကြောင့် သူတို့က ဟိုဘက်ကနေ မောင်းတာပေါ့”

လက်ညိုးတထိုးထိုးဖြင့် မေးနေသဖြင့် ကျွန်ုပ်မှ -

“သားလက်ကြီး အပြင်မထုတ်နဲ့ကွ”
“အပြင်ထုတ်ရင် ဘာဖြစ်လို့လဲ”
“သားလက်ကို တစ်ခြားကားက တိုက်သွားမှာပေါ့”
“တိုက်သွားရင်ဘာဖြစ်မှာလဲ”
“သားလက်ကြီး ကျိုးသွားမှာပေါ့”
“သားလက်ကြီး ကျိုးသွားရင်ရော”
“လက်ကျိုးသွားရင် သားဆေးကုရမှာပေါ့ .. ပတ်တီးလည်း စည်းရမှာပေါ့”

ထိုကလေးက သူ့ဘာသာ စဉ်းစားပြီး -
“အဲ့ဒါဆို ထမင်းစားလို့ မရတော့ဘူးပေါ့နော်.. ဒါဆို ပိန်သွားမှာပေါ့နော်.. ပြီးရင်သေသွားမှာပေါ့နော်”

သူဉာဏ်နှင့် စဉ်းစားမိသလို ပြောလိုက်ပါသည်။ မှတ်တိုင်တစ်ခုတွင် ကားရပ်စဉ် ကားခေါင်မိုးကို မော့ကြည့်ပြီး -

“အသံက ဘယ်က လာတာလဲဟင်”

သီတင်းကျွတ်မီးထွန်းပွဲအတွက် ပြင်ဆင်နေသည့် လမ်းမှ ဖွင့်ထားခြင်းဖြစ်ပါသည်။ မှတ်မှတ်ရရ မျိုးကြီး သီချင်း ဖြစ်ပါသည်။ ကျွန်တော်လည်း လမ်းမပေါ်ချထားသည့် Sound Box များကို ညွှန်ပြပြီး

“အဲ့ဒီကနေလာတာပေါ့ကွ”

“နားကိုအူနေတာပဲ.. နားကန်းတော့မှာပဲနော်”

သီချင်း ဖွင့်ထားသူများကလည်း ဟုတ်သည်။ Sound Box (၈) လုံးခန့်စီထားပြီး ဖွင့်နေခြင်းဖြစ်သည်။ သို့နှင့် ကမ္ဘာအေး ဘုရားလမ်းပေါ် ရောက်လာသည့် အခါ -

“အဖြူရောင်တွေက ဘာလို့ရေးထားတာလဲ”

“ကားတွေသွားဖို့ပေါ့.. ဟိုဘက်လမ်းက ကားသုံးစီး ဒီဘက်လမ်းက ကားသုံးစီး တပြိုင်တည်း သွားလို့ရတာပေါ့”

သို့နှင့် ရှစ်မိုင်လမ်းဆုံသို့ ရောက်လာခဲ့ပါသည်။

“ဟိုအမြင့်ကြီးက ဘာကြီးလဲ”
“ဟိုတယ်လေကွာ”
“ဟိုဘက်ကသွားနေတာကကော”

“ဓါတ်လှေကားလေကွာ”
“သူတို့က ဘာလို့သွားနေတာလဲ”
“တခြားအထပ်တွေသွားလို့ရအောင်ပေါ့.. အပေါ်တက်လိုက် အောက်ဆင်းလိုက် လုပ်လို့ရတယ်လေ”

ရှစ်မိုင် မှတ်တိုင်သို့ရောက်၍ ကျွန်တော်လည်း ဆင်းရမည်ဖြစ်သည့်အတွက်

“သားရေ လစ်ပြီ ”

သာလိကလေးက နည်းနည်းမှ မလျှော့

“တာ့တာ.. ဘိုင့်ဘိုင်”

လမ်းတွင်တော့ ကျွန်တော်စဉ်းစား ကြည့်မိပါသည်။ ကလေးတစ်ယောက်တွင် မိမိထင်ရာကို နှစ်သက်သလို ပြောနိုင်စွမ်း မေးနိုင်စွမ်းများ ရှိပါသည်။ သူတို့၏ မေးမြန်းမှုသည် မှားယွင်းသွားပါက ရှက်စရာကောင်းသည်ဟု သူတို့တွင် ရှက်စိတ်လည်း မရှိသေးပါ။ စူးစမ်းချင်သည့် စိတ်ကအပြည့် ဖြစ်နေပါသည်။ ကျွန်တော်တို့ အရွယ်ရောက်လာသည့် လူကြီးများတွင်တော့ မေးရမြန်းရမှာ ရှက်တတ်သည့် စိတ်များ ကိန်းအောင်းလာပါပြီ။ တစ်ခုခု မှားယွင်းပြီး မိမိအပေါ် အထင်သေးသွားမှာကို ကြောက်သည့်စိတ်များလည်း ရှိလာပါပြီ။ ထို့အတူ ပွင့်ပွင့်လင်းလင်း ပြောဆိုနိုင်စွမ်းလည်း ပျောက်ဆုံးလာပြီဟု ဆိုရပါမည်။ တနည်းအားဖြင့် ဟန်ဆောင်တတ်လာသည်ဟု ဆိုရပါမည်။ ထို့ကြောင့် ကလေးဘ၀သည် ဖြူစင်လှပါသည်။ သာလိကာလေးရေ မင်းကိုတော့ ဆလန်ပါပဲကွာ………

Thursday, October 9, 2008

ခိုးကူး..... ခိုးကူး..... ခိုးကူး.....

သားစိုးနဲ့ ဖိုးချစ် CITY FM (၆) နှစ်ပြည့် အခွေမှ သီချင်းကို နားထောင်ပြီး တွေးမိတာပါ။ သီချင်းစာသား အလိုအရတော့ ခိုးကူးခွေတွေကြောင့် မြန်မာနိုင်ငံမှာ ဂီတသမားတွေလည်း အခြေပျက် နေတာကြောင့် သဘင်သည်တွေနဲ့ ပေါင်းပြီး သီချင်းဆိုနေရကြောင်း ခိုးကူးခွေတွေ ဒုက္ခပေးနေကြောင်း ရေးထားတာပါ။ ခိုးကူးခွေတွေ ဘာကြောင့် ဖြစ်လာရတာလဲ။

အရင် CD, VCD တွေ မပေါ်ခင် တိတ်ခွေ ခေတ်တုန်းကတော့ ယခုလောက် ခိုးကူးပြဿနာ မရှိသေးပါ။ Selection သီချင်း တိတ်ခွေတွေ ကူးကြသည်တော့ ရှိပါတယ်။ ဘာလို့ ခိုးကူးတွေ အဲ့ဒီအချိန်က မကျယ်ပြန့် ရတာလဲ။ ကျွန်တော် ထင်တာကတော့ အဲ့ဒီအချိန်တုန်းက Original အခွေ တန်ဖိုးနဲ့ Selection ပြန်ကူး သီချင်းခွေတွေရဲ့ တန်ဖိုး သိပ်မကွာတာလည်း တစ်ချက်လို့ထင်ပါတယ်။ ပြီးတော့ အသံ အရည်အသွေးမှာလည်း Original က ပိုသာပါတယ်။ တိတ်ခွေခေတ်တုန်းက ပေါ့လေ။

CD, VCD ခေတ်မှာကြတော့ အခွေ တန်ဖိုးအရဆိုရင် ခိုးကူးတွေဟာ Original အခွေတွေရဲ့ သုံးပုံတစ်ပုံလောက်သာ ပေးဝယ်ရပါတယ်။ ဆိုလိုတာက Original တစ်ခွေဝယ်ရင် ခိုးကူးက (၃) ခွေလောက် ဝယ်လို့ရပါတယ်။ အနည်းဆုံး တွက်ကြည့်တာပါ။ အရည်အသွေး ကြတော့လည်း တစ်ချို့ ခိုးကူးခွေတွေဟာ Original အခွေတွေလောက်နီးနီး (သာရင်တောင် သာသွားသေးတယ်) ရှိကြပါတယ်။ မြန်မာနိုင်ငံမှာ လူများစု အသုံးပြုနေတဲ့ တရုတ်နိုင်ငံလုပ် VCD, DVD စက်တွေကလည်း ခိုးကူး CD တွေကို အားပေးပါတယ်။ အထစ်အငေါ့မရှိ ဖတ်ကြတယ်။ တစ်ခါတစ်လေ Original အခွေကမှ ထစ်နေသေးတယ်။

အခုလာပြန်ပြီ Selection DVD အခွေတွေ။ ကဲ Original အခွေတွေ နလန်ကော ထူးနိုင်ပါအုံးမလား။ ၁၀၀၀ ပေးပြီး တစ်ခွေဝယ်လိုက်ရင် အနည်းဆုံး VCD သီချင်း ပုဒ်ရေ (၅၀) (၆၀) လောက်ပါတယ်။ VCD ငါးခွေစာပေါ့လေ။ အမြဲတမ်းတော့ ခိုးကူးခွေတွေက နှာတစ်ဖျားသာနေတာ တွေ့ရပါတယ်။ ခိုးကူးခွေတွေ ပျောက်နိုင်ပါ့မလား။ တကယ်တော့ အသိဉာဏ်ပညာ မူပိုင်ခွင့်အရတော့ ယခုလို မူပိုင်ခွင့် အလွဲသုံးစား လုပ်မှုကို ရှုံ့ချရမှာပါ။ ဒါပေမယ့် ကျွန်တော်တို့ အများစု ခိုးကူးခွေတွေကို လက်မလွှတ်နိုင် သေးပါဘူး။ အလွယ်တကူ ရရှိနိုင်မှု၊ စရိတ်သက်သာမှု စသည်တို့က ဆွဲဆောင်နေစဲပါ။ မိတ်ဆွေသင်ကော ခိုးကူးခွေ မဝယ်ဘူးဖူးလား။ Original အခွေကိုသာ ဝယ်ယူအားပေးနေသူလား။ သို့ဆိုလျှင် သင့်ကို လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုအပ်ပါသည်။ သေချာတာ တစ်ခုကတော့ ကျွန်တော်ဟာ ဂုဏ်ပြုခံနိုင်လောက်သည့် အဆင့်မဟုတ်သေးပါ။

Tuesday, September 30, 2008

တြိဂံတစ်ခုကို ဖြတ်သန်းခြင်း



အတိတ်
အိပ်မက်အကြီးစားတွေမက်ခဲ့တယ်
မျှော်လင့်ထားသမျှ ဖြစ်လာမယ် ထင်ခဲ့တယ်
ပေါ့ပေါ့ပါးပါးနဲ့ ဘဝကို ဖြတ်သန်းနိုင်မယ်ထင်ခဲ့တယ်
အသေးအမွှားကိစ္စတွေကို အလေးမထားခဲ့ဘူး
ကြီးကြီးမားမား ပြဿနာတွေကို စိတ်ဝင်စားခဲ့တယ်
အတ္တကို ရှေ့တန်းမတင်ဘူးလို့ ကြွေးကြော်ခဲ့တယ်
ငါဟာအတိတ်တုန်းကတော့
လူကောင်းတစ်ယောက်ဖြစ်ချင် ဖြစ်ခဲ့မှာပါ…..

ပစ္စုပ္ပန်
အိပ်မက်တွေကို မမက်ချင်တော့ဘူး လက်တွေ့ဆန်တတ်လာပြီ
မဖြစ်နိုင်တာတွေကို မမျှော်လင့်တော့ဘူး
ဘဝကို လေးလေးနက်နက်ဖြတ်သန်းဖို့ ကြိုးစားနေတယ်
တစ်ခါတစ်ရံမှာ အသေးအမွှားကိစ္စတွေကို ဂရုစိုက်တတ်လာပြီ
ကိုယ်နဲ့မဆိုင်ရင် ပြဿနာဘယ်လောက်ကြီးကြီး စိတ်မဝင်စားတော့ဘူး
အတ္တနဲ့ ပရမျှစေရမယ်ဆိုပြီး ဟန်ဆောင်တတ်လာပြီ
ငါဟာ ပစ္စုပ္ပန်မှာတော့
လူကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားနေရတဲ့ လူတစ်ယောက်ပါ…..

အနာဂတ်
ဖြစ်နိုင်မယ်ဆိုရင်တော့ အိပ်မက်ကောင်းလေးတွေ မက်ခွင့်ရချင်တယ်
မဖြစ်နိုင်ဘူးဆိုတာကို မရှိစေချင်တော့ဘူး
ဘဝကို ဝေဖန်သုံးသပ်နေမယ်ထင်တယ်
အသေးအမွှားကိစ္စလေးတွေကိုလည်း လျစ်လျူမရှုတော့ပါဘူး
ပြဿနာအကြီးစားတွေကိုလည်း လေ့လာဆန်းစစ်မယ်
အတ္တကတော့ ရှိနေအုံးမယ်ထင်တယ်
ငါဟာ အနာဂတ်မှာတော့
လူကောင်းတစ်ယောက် ဖြစ်ချင်တယ်…..

Wednesday, September 24, 2008

ထူးထူးခြားခြား ပစ္စည်းများ


ET ခမျာလည်း တောင်းစားရတဲ့ ဘဝကို ရောက်ရော.......





BIO Technology ဖြင့် တီထွင်ထားသော နည်းပညာမြင့် Mouse အသစ် လာပါပြီ...



Shit ကီး အသစ်ပါလာသော နောက်ဆုံးပေါ် ကီးဘုတ် အသစ်.....



သင့်အခက်အခဲတွေ ပြေလည်သွားအောင် ဒီလိုမျိုး ကီးဘုတ် ပြောင်းသုံးကြည့်ပါလား



ကော်ဖီဖျော်စက်ပါ တွဲပါသေးသတဲ့လေ...........



Heat တက်နေလို့ အအေး သောက်နေရတယ်ဗျာ.....



ဒီကီးဘုတ်သာ ပြောင်းသုံးလိုက် Format ချဖို့လွယ်ကူသွားလိမ့်မယ်.....

တစ်ခြားထူးထူးခြားခြားလေးတွေ ကြည့်ချင်သေးရင်တော့ ဒီမှာသာ ဆက်ကြည့်ကြတော့.....

Tuesday, September 16, 2008

အချစ်



လေပြေတွေကစားနေတဲ့ ညနေတစ်ခုမှာ
အချစ်ဟာ င့ါရှေ့က ဖြတ်ပြေးသွားခဲ့တယ်
အဲ့ဒီအချိန်မှာ
ကမ္ဘာဟာ မလည်တော့ဘူး
ကြယ်တွေတောင် အရောင်မှိန်ကုန်တယ်
ကောင်းကင်ကြီးလည်း ပြာယာခတ်သွားတယ်
င့ါရင်ခုန်သံတွေ ရပ်တန့်သွားတယ်။


အဲ့ဒီနောက်ပိုင်းမှာ
ကမ္ဘာကြီးဟာ ပိုပြီးစိုပြည်လာတယ်
ကြယ်တွေဟာ အရင်ကထက် လင်းလက်လာသလိုပဲ
ကောင်းကင်ကြီးဟာ အရောင်စုံတွေနဲ့ လှလာတယ်
င့ါရင်ခုန်သံတွေဟာ နရီစည်းချက်တွေနဲ့
ဟာမိုနီမိနေလေရဲ့။

အရာအားလုံးဟာ
အချစ်ကြောင့်ပဲ ပြောင်းလဲသွားတယ်
အချစ်ကြောင့်ပဲ လှပလာတယ်
အချစ်ကြောင့်ပဲ ပိုမိုစိုပြေလာတယ်
အချစ်ကြောင့်ပဲ အဓိပ္ပာယ်တွေပြည့်စုံလာတယ်။

ငါဟာ အချစ်ကို ရှာဖွေဖို့
ဘာကြောင့်များ နှောင့်နှေးနေရတာလဲ ?
အချစ်ဆိုတာက သူ့အချိန်ကျမှ
အမှတ်တမဲ့နဲ့ ဝင်ရောက်လာတတ်တာလား ?

င့ါဆီကို ရောက်လာဖို့ရှိရင်တော့
ငါသိနိုင်အောင် တစ်နည်းနည်းနဲ့
အကြောင်းကြားပြီးမှ ဝင်ခဲ့ပါကွာ။

Thursday, September 11, 2008

၁ ဒေါ်လာ ဘယ်ရောက်သွားလဲ



သူငယ်ချင်း (၃) ယောက် စားသောက်ဆိုင်တွင် အတူတူ နေ့လည်စာ စားကြလေသည်။ စားသောက်ပြီးနောက် ဘီ(လ်)တောင်းလိုက်ရာ ၂၅ ဒေါ်လာ ကျလေသည်။ ငွေရှင်းသောအခါ သူငယ်ချင်း တစ်ဦးလျှင် ၁၀ ဒေါ်လာစီဖြင့် ဒေါ်လာ ၃၀ ပေးလိုက်သည်။ ထို့ကြောင့် ငွေကိုင်မှ ၅ ဒေါ်လာ စားပွဲထိုးသို့ ပြန်အမ်းပါသည်။ စာပွဲထိုးကလည်း လူသုံးဦးအား ၅ ဒေါ်လာ အညီအမျှ မခွဲနိုင်သည့် အတွက် တစ်ယောက်လျှင် ၁ ဒေါ်လာ ပြန်အမ်းပြီး ကျန် ၂ ဒေါ်လာကို သူ့မုန့်ဖိုးအဖြစ် ယူလိုက်ပါသည်။ တွက်ကြည့် ကြရအောင်။

တစ်ဦးလျှင် ၁၀ ဒေါ်လာပေးပြီး ၁ ဒေါ်လာ ပြန်ရပါသည်။
ထို့ကြောင့် တစ်ဦးစီပေးငွေ (၁၀-၁) = ၉ ဒေါ်လာ

သူငယ်ချင်း (၃) ယောက် ဖြစ်သည့်အတွက်
သုံးယောက်ပေါင်းပေးငွေမှာ (၉ x ၃) = ၂၇ ဒေါ်လာ

သုံးယောက်ပေါင်းပေးငွေ + စားပွဲထိုးမုန့်ဖိုး (၂၇ + ၂) = ၂၉ ဒေါ်လာ

သို့ဆိုလျှင် စုစုပေါင်း ကုန်ကျငွေမှာ ၂၉ ဒေါ်လာ ဖြစ်နေပါသည်။ ၁ ဒေါ်လာ မည်သို့ပျောက်သွားသနည်း ?


အဖြေ

တစ်ဦးလျှင် ၁၀ ဒေါ်လာစီ ပေးသည့်အတွက် စုစုပေါင်းပေးငွေမှာ ဒေါ်လာ ၃၀ ဖြစ်ပါသည်။
ငွေကိုင်မှ ၅ ဒေါ်လာ ပြန်အမ်းသည့်အတွက် သုံးယောက်ပေါင်း ကုန်ကျငွေမှာ ၂၅ ဒေါ်လာ ဖြစ်ပြီး စားပွဲထိုး၏ လက်တွင် ၅ ဒေါ်လာ စုစုပေါင်း ဒေါ်လာ ၃၀ ဖြစ်ပါသည်။

စားပွဲထိုးမှ ၃ ဒေါ်လာ ပြန်အမ်းသည့်အခါ သူငယ်ချင်း သုံးယောက်ပေါင်း ကုန်ကျငွေ ၂၅ ဒေါ်လာ + စားပွဲထိုး မုန့်ဖိုး ၂ ဒေါ်လာ = ၂၇ ဒေါ်လာ ။ ထို့ကြောင့် တစ်ဦးလျှင် ပေးငွေ ၉ ဒေါ်လာ ဖြစ်ပါသည်။ ပြန်ရငွေ ၁ ဒေါ်လာစီ ပြန်ပေါင်းလျှင် တစ်ဦး ၁၀ ဒေါ်လာ သုံးဦးပေါင်း ဒေါ်လာ ၃၀ ဖြစ်ပါသည်။ မည်သို့မျှမပျောက်ပါ။

ဤပုစ္ဆာတွင် လျှို့ဝှက်ချက်မှာ တစ်ဦးစီ အမှန်တကယ် ပေးငွေမှာ ၉ ဒေါ်လာ ဖြစ်ပါသည်။ ထိုကြောင့် သုံးယောက်ပေါင်း ပေးငွေမှာ ၂၇ ဒေါ်လာ = ကုန်ကျငွေ ၂၅ ဒေါ်လာ + စားပွဲထိုးမုန့်ဖိုး ၂ဒေါ်လာ ဖြစ်ပါသည်။ ထိုငွေထဲတွင် စားပွဲထိုး၏ မုန့်ဖိုးကို ထည့်ပေါင်း လိုက်သည့် အတွက်သာ တစ်ဒေါ်လာပျောက်သွားခြင်း ဖြစ်ပါသည်။

(ဤပုစ္ဆာသည် စာရင်းလိမ်ခြင်းအတွက် သင်ခန်းစာကောင်းဖြစ်ပါသည်။ ဤကား စကားချပ်။)

Wednesday, September 10, 2008

အဖြူအမည်း ဦးထုပ် (၅) လုံး ပဟေဠိ



လူသားစားသော လူရိုင်းများသည် အမဲလိုက်ထွက်လာသည့် လူ (၃) ယောက်အား ဖမ်းဆီးရမိလေသည်။ ထိုလူ (၃) ဦးအား လူရိုင်းများက လွတ်မြောက်ခွင့် ရရှိရန်အတွက် အခွင့်အရေးတစ်ခု ပေးထားလေသည်။

ယင်းအခွင့်အရေးမှာ ထိုလူ (၃) ဦးအား အရပ်အမြင့်အလိုက် တန်းစီပြီး သပ်ရိုက်ကာ ကြိုးချည်ထား ပါသည်။ နောက်ဆုံးမှ လူမှာ ကျန်သူငယ်ချင်း နှစ်ယောက်၏ နောက်ကျောကို မြင်နေရပြီး အလယ်မှလူမှာ ရှေ့ဆုံးမှလူ၏ ကျောကိုသာ မြင်ရမည်ဖြစ်ပြီး ရှေ့ဆုံးမှ လူမှာ မည်သူ့ကိုမျှ မြင်ရမည် မဟုတ်ပါ။ ပြီးနောက် လူရိုင်းများသည် ၄င်းတို့ (၃) ဦးအား ဦးထုပ် (၅) လုံးကို ပြပါသည်။ သုံးလုံးမှာ အနက်ရောင် ဖြစ်ပြီး ကျန်နှစ်လုံးမှာ အဖြူရောင် ဖြစ်ပါသည်။

ထို့နောက် သုံးဦးစလုံး၏ မျက်လုံးများကို အဝတ်ဖြင့် စည်းနှောင်ပြီး ဦးထုပ်တစ်လုံးစီ ဆောင်းပေးလိုက် ပါသည်။ ကျန်ဦးထုပ် နှစ်လုံးအား ဖွက်ထားပြီး စည်းထားသော အဝတ်များကို ပြန်ဖယ်ပေးပါသည်။ ပြီးနောက် ၄င်းတို့ (၃) ဦးအနက်မှ တစ်ယောက် ယောက်သည် သူဆောင်းထားသော ဦးထုပ်အရောင်ကို မှန်ကန်စွာ ပြောပြနိုင်လျှင် အားလုံးလွှတ်ပေးမည် ဟု လူရိုင်းများမှ ပြောလိုက်ပါသည်။

ရှေ့မှ နှစ်ယောက်စလုံးကို မြင်နိုင်သော နောက်ဆုံးမှလူသည် "မသိပါ" ဟုဖြေပါသည်။ ရှေ့ဆုံးမှ လူကို မြင်နိုင်သော အလယ်လူကလည်း "မသိပါ" ဟုဖြေပါသည်။ ဘယ်သူ့ကိုမှ မမြင်ရသည် ရှေ့ဆုံးမှလူက "သူသိတယ်" ဟုဖြေပါသည်။

သူဘယ်လိုသိသွားပါလိမ့် ? သူဆောင်းထားတဲ့ ဦးထုပ်က ဘာအရောင်များ ဖြစ်မလဲ? စဉ်းစားကြည့်ပါ။ အဖြေကို သိချင်ရင်တော့ ဖွင့်သာဖတ်ကြည့်………..


အဖြေ

ရှေ့ဆုံးမှလူ (နောက်ဆုံး အဖြေပေးသူ) သည် သူဆောင်းထားသော ဦးထုပ် အနက်ရောင် ဖြစ်ကြောင်း တွက်ဆမိပါသည်။ ဘယ်လို သိလဲဆိုတော့ ပထမဆုံးဖြေသူ (နောက်ဆုံးတွင် ရပ်နေသောသူ) မှာ အဖြူရောင် ဦးထုပ်နှစ်လုံးကို မတွေ့ဘူးဆိုသည်ကို သူတွက်မိပါသည်။ ဒုတိယလူ (အလယ်လူ) မှာလည်း အဖြူရောင် ဦးထုပ်တစ်လုံးကို မတွေ့သည်မှာ သေချာပါသည်။ အကယ်၍ သူသာ အဖြူရောင် ဦးထုပ်တစ်လုံးကို မြင်လျှင် ပထမလူ၏ အဖြေကို မူတည်ပြီး သူ၏ ဦးထုပ် အနက်ရောင် ဖြစ်မှန်း သိနိုင်ပါသည်။

ဒီလိုဖြစ်ပါသည်။ ပထမလူမှာ အဖြူရောင် ဦးထုပ်နှစ်လုံးမြင်လျှင် သူ၏ ဦးထုပ် အနက်ရောင် ဖြစ်မှန်းသိနိုင်ပါသည်။ ထို့အတူ ဒုတိယလူမှာလည်း အဖြူရောင် ဦးထုပ်တစ်လုံးမြင်လျှင် ပထမလူမှ မသိဟုဖြေသည့်အတွက် သူနှင့် သူ့ရှေ့ကလူသည် ဦးထုပ်အရောင် မတူမှန်း သိနိုင်ပါသည်။ သို့ဖြစ်လျှင် သူက ၄င်း၏ ဦးထုပ်မှာ အနက်ရောင်ဖြစ်ကြောင်း ပြောနိုင်ပါမည်။ ယခု ၄င်းတို့နှစ်ဦးစလုံး အဖြေကို ပြောနိုင်ခြင်းမရှိသဖြင့် ရှေ့ဆုံးမှလူ (နောက်ဆုံး အဖြေပေးသူ) သည် သူဆောင်းထားသည်မှာ အနက်ရောင်ဦးထုပ်ဖြစ်ကြောင်း သိသာသွားပါသည်။

Sunday, September 7, 2008

နာဂစ်အလွန် ခရီးစဉ်တစ်ခု

အကြောင်းတိုက်ဆိုင်၍ ဒေးဒရဲနှင့် မော်လမြိုင်ကျွန်း ဒေသများသို့ ခရီးထွက်ခွာခဲ့ရပါသည်။ ဒေးဒရဲသို့ သွားရောက်ခဲ့ရာတွင် လေးစားစရာ မြင်ကွင်းလေးများ တွေ့ခဲ့ရပါသည်။ ဒေးဒရဲမှ မိနစ်၂၀ ခန့်ကားစီးသွားရပြီး မော်တော်ဖြင့် ၁၅ မိနစ်ခန့်သွားရသော မိကျောင်းအိုင် ရွာကလေးတွင်ဖြစ်ပါသည်။ ယာယီတဲကျောင်းလေးတွင် ပညာသင်ကြားနေကြသော ကျောင်းသားလေးများမှာ တက်ကြွနေကြပါသည်။ မုန်တိုင်းနှင့် ကြုံခဲ့ရသော်လည်း မြန်မာလူမျိုး တောသူတောင်သားတို့၏ ပူပင်ကင်းမှု၊ ရောင့်ရဲတင်းတိမ်တတ်မှုတို့မှာ အတုယူစရာပင်။ ပို၍လေးစားမိသည်မှာ ထိုသို့ခက်ခက်ခဲခဲသွားရသော ရွာကျောင်းလေးများတွင် ကလေးငယ်များအား ပညာသင်ကြားပေးနေကြသော ဆရာ/ဆရာမများကို ဖြစ်ပါသည်။

ယနေ့ခေတ်တွင် ကျွန်တော်တို့လူငယ်အများစုသည် ပညာသင်ကြားရန်၊ ပိုမိုကောင်းမွန်သော အလုပ်အကိုင်ရရှိရန် စသည့်ရည်ရွယ်ချက်များဖြင့် နိုင်ငံရပ်ခြားသို့ ထွက်ခွာနေကြချိန်ဖြစ်ပါသည်။ ထိုအချိန်မျိုးတွင် ယခုကဲ့သို့ နာ (၃) နာနှင့်ပြည့်စုံသော ဆရာ/ဆရာမများ ရှိနေသေးသည်ကို တွေ့ရသည့်အခါ မိတ်ဆွေသင်စဉ်းစားကြည့်ပါ။ ကိုယ့်ကိုကိုယ် သုံးသပ်ကြည့်မိသောအခါ သူတို့လောက် ဘာမှပေးဆပ်နိုင်သည်ကို သတိပြုမိပါသည်။ ကျွန်တော်တို့အများစုက ကိုယ်လွတ်ရုံး၍ နိုင်ငံရပ်ခြားသို့ သွားရောက်ရန် ကြိုးစားနေကြချိန်တွင် ငွေကြေးအရသော်လည်းကောင်း၊ အခြားကျွန်တော်တို့ ရှာဖွေနေသော အရာများ အရသော်လည်းကောင်း ဘာမျှမရနိုင်သည်ကို သိလျက်နှင့် ဘဝတစ်ခုလုံးမြှုပ်နှံထားသည်ကို တွေ့ရသောအခါ ဝမ်းနည်းဝမ်းသာဖြစ်မိပါသည်။ ကျွန်တော်သည် သူတို့လိုပေးဆပ်နိုင်ခြင်းမရှိသည်ကို ဝမ်းနည်းမိပါသည်။ သို့သော် သူတို့ယခုလိုပေးဆပ်နေသည်ကို မြင်ရသည့်အခါ ကျေးလက်နေ ကလေးများအတွက် ဝမ်းသာမိပါသည်။


သူတို့၏စိတ်ဓါတ်သည် မြို့ကြီးပြကြီးများရှိ နာမည်ကြီးကျောင်းများတွင် စာသင်ခွင့်ရရှိရန် ကြိုးစားနေကြသော ဆရာ/ဆရာမများထက် အများကြီးမြင့်မြတ်သည်ဟု ဆိုချင်ပါသည်။ အခြားဆရာ/ဆရာမများကို စော်ကားလိုခြင်း မဟုတ်ပါ။ နှိုင်းယှဉ်ကြည့်မှသာ အရာရာသည် ပေါ်လွင်ထင်ရှားနိုင်သည့်အတွက် နှိုင်းယှဉ်ကြည့်ခြင်း ဖြစ်ပါသည်။

အဆင်မပြေမှုများစပါပြီ

ဒေးဒရဲတွင် ညအိပ်ရပ်နားပြီး နောက်တစ်နေ့မှာ ရန်ကုန်ပြန်မည်ဆိုသော အစီအစဉ်မှာ တည်းခိုရန်နေရာ အခက်အခဲကြောင့် ရန်ကုန်သို့ နေ့ချင်းပြန်ခဲ့ရပါသည်။ ဒေးဒရဲခရီးစဉ်မှ အဆင်မပြေမှုမှာ မော်လမြိုင်ကျွန်း ခရီးစဉ်သို့ပင် ဆက်သွားခဲ့ပါသည်။ မော်လမြိုင်ကျွန်း အနီးအနားရွာများသို့ ရောက်ရှိခဲ့ပါသည်။ မြစ်ဝကျွန်းပေါ်ဒေသ၏ ပထဝီအနေအထားအရပင် မြစ်များချောင်းများ အလွန်ပေါများသည့်အတွက် ရွာများမှာ ကျွန်းများပေါ်တွင် တည်ရှိနေပါသည်။ ကျွန်းတစ်ကျွန်းတွင် ရွာလေးငါးရွာခန့် တည်ရှိနေပါသည်။ ထိုရွာများသို့ သွားရောက်လည်ပတ်ပြီး ကြည်လင်နေသော စိတ်အစဉ်သည် တည်းခိုခန်းသို့ ရောက်သောအခါ အနှောင့်အယှက် ဖြစ်သွားခဲ့ရပါသည်။

ရန်ကုန်မှ မထွက်ခွာမှီကပင် တည်းခိုခန်းများကို Booking ကြိုတင်လုပ်ထားခဲ့ပါသည်။ သို့သော် ရောက်ရှိချိန်တွင် အခန်းမရရှိသေးပေ။ ကျွန်တော်တို့မှာလည်း ရွာများသို့ သွားရောက်မည် ဖြစ်သည့်အတွက် ညနေပြန်လာချိန်တွင်တော့ အဆင်ပြေမည်ဟု ယူဆပြီးထွက်သွားခဲ့ကြသည်။ ညနေပြန်လာသောအခါ လိုအပ်သော အခန်းအရေအတွက်တွင် တစ်ခန်းမှာ မအားမလပ်ဖြစ်နေသည်။ ပြေလည်အောင် ဆောင်ရွက်ပေးနိုင်ခြင်းလည်း မရှိပေ။ မန်နေဂျာမှာ သူ၏တပည့်မှ အခန်းမှားပေးလိုက်၍ ယခုလိုဖြစ်ရကြောင်း တပည့်ကိုလွှဲချ၍ သူ့တွင်တာဝန်မရှိသလို လုပ်နေသည်။ ပြေပြေလည်လည် ပြောဆိုခြင်းလည်းမရှိ။ နောက်ဆုံးအချိန်မှာလည်း ည(၈း၃၀) ကျော်လာပြီ ကျွန်တော်တို့မှာလည်း အိပ်ချင်လာသည့်အတွက် ဖြစ်သည့်နည်းနှင့် ဖြေရှင်းပေးပါ။ မရလျှင် ပြဿနာရှာမည်ဆိုမှ အခြားသူတစ်ဦး Booking လုပ်ထားသည့် အခန်းကိုပေးပါသည်။ သို့သော် ကောင်းကောင်းမွန်မွန်ပေးခြင်း မဟုတ်။ မနက်စောစော အခန်းပြန်အပ်ရန် ပြောလိုက်သေးသည်။ ကောင်းလိုက်ပုံများ။ သူ့ကမှားယွင်းသော်လည်း ကိုယ်ကပင်သူ့ကိုပြန်၍ ကျေးဇူးတင်ရမည့်ပုံပင်။ စီးပွားရေး မလုပ်တတ်ပုံ ဖြစ်ပါသည်။ ထိုတည်းခိုခန်းသည် မော်လမြိုင်ကျွန်းတွင် လူသိများသော တည်းခိုခန်းဖြစ်ပါသည်။ ယခုအချိန်တွင် နိုင်ငံခြားသားများလည်း တည်းခိုနေကြသော တည်းခိုခန်းဖြစ်ပါသည်။ အားနာသဖြင့် တည်းခိုခန်းအမည်ကို မဖော်ပြတော့ပါ။

Sunday, August 31, 2008

သူငယ်ချင်းများသို့ (အမှတ်တရ)



ဟင်းလင်းပြင်ထဲက အစက်အပြောက်ကလေးတွေများစွာကြားထဲမှာ
မင်းတို့နဲ့ ငါ အမှတ်တမဲ့ ဆုံခဲ့ကြတယ်
အမှုမဲ့အမှတ်မဲ့ ပျော်ခဲ့ကြတယ်
ဘာမှမဟုတ်ပဲလဲ သဘောထားကွဲလွဲခဲ့ကြတယ်
ရယ်ရယ်မောမောနဲ့ ဘဝတွေကို တူတူဖြတ်သန်းခဲ့ကြတယ်
မကျေမနပ်နဲ့လည်း တစ်ယောက်ကိုတစ်ယောက် ဝေဖန်ဖူးကြတယ်
ဘာပဲပြောပြော နောက်ဆုံးတော့
မသိသလိုနဲ့ ဝေးသွားခဲ့ကြပြန်တယ်.....


ဒီအချိန်မှာတော့
ဘဝတွေထဲမှာ သောကတွေနဲ့စီးမြောရင်း
တစ်ခါတစ်လေ သတိရမိတယ်
အကြောင်းတိုက်ဆိုင်လို့ပဲဖြစ်ဖြစ်
အကူအညီလိုလို့ပဲဖြစ်ဖြစ်
မင်းတို့ကို ငါကသတိရမိသလို
ငါ့ကိုလည်းမင်းတို့သတိရနေမှာပါ.....

မင်းတို့တစ်တွေက အရောင်တွေပြောင်းသွားသလို
ငါကလည်း အတောင်တွေညောင်းသွားခဲ့ပြီ
ဟိုးအရင်တုန်းကလို
မင်းတို့အတွက်ငါကလည်းအချိန်မပေးနိုင်တော့ဘူး
မင်းတို့ကလည်းငါ့အတွက် အချိန်ကုန်မခံနိုင်တော့ဘူး
ခွင့်လွှတ်ပါသူငယ်ချင်း
ဘာတွေပဲဖြစ်နေပါစေ ငါမေ့လို့မရတာကတော့
မင်းတို့ဟာင့ါရဲ့သူငယ်ချင်းတွေပါ.....